ဗီလာသို့ ပြောင်းပြီး နှစ်ပတ်အကြာမှာပင် ဒဏ်ရာပြဿနာ ကြုံတွေ့လာတဲ့ ဂါနာချို
===================
အလီဂျန်ဒရိုဂါနာချိုဟာ အက်စတွန်ဗီလာသို့ အငှားဖြင့် ပြောင်းရွှေ့ပြီး နှစ်ပတ်အကြာမှာပင် ဒဏ်ရာပြဿနာကြုံတွေ့လာရပါတယ်။
အသက် ၂၂ နှစ်ရှိ အာဂျင်တီးနားတောင်ပံကစားသမားဟာ ဇူလိုင်လ ၂၃ ရက်နေ့တုန်းက ချဲလ်ဆီးမှ ဗီလာသို့ အငှားဖြင့် ပြောင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ အင်ဒိုနီးရှားအောစတားနှင့်ပွဲစဉ်တွင် ဗီလာအတွက် ပထမဆုံးပွဲကစားခဲ့သလို BG Pathum နှင့် ခြေစမ်းပွဲစဉ်တွင် ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ထိုင်းတင် ကစားတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာပင် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရကာ လူစားလဲလှယ်ခဲ့ရပါတယ်။
ဗီလာဟာ ထိုင်းတွင် ကစားတဲ့ပဲစဉ်မှာ ပထမပိုင်းတွင် အီမီဘူအန်ဒီအာနှင့် ဗစ်တာလင်ဒီလော့ဖ်တို့ရဲ့ ဂိုးတွေဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ကာမာရာက ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။
ယင်းပွဲစဉ်တွင် ဗီလာအတွက် နောက်ထပ် စိုးရိမ်စရာအဖြစ် အသင်းခေါင်းဆောင်ဂျွန်မက်ဂင်း ဒူးကိုထိခိုက်ခဲ့ပါသေးတယ်။ အူနိုင်းအမ်မရီဟာ ချက်ချင်းပင် ဒဏ်ရာအခြေအနေ ဆိုးရွားလာနိုင်မှုအား ကာကွယ်ရန် မက်ဂင်းအား လူစားလဲခဲ့ပါတယ်။
ထိုင်းကလပ်ဟာ နောက်ကျချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့မှုနှင့်အတူ ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပွဲကို မိနစ် ၃၀ ခန့် နောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နွေတုန်းက ယူနိုက်တက်မှ ချဲလ်ဆီးသို့ ပေါင်သန်း ၄၀ ဖြင့် ပြောင်းခဲ့တဲ့ ဂါနာချိုဟာ ချဲလ်ဆီးတွင် ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့ပြီး ၁ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။
ယင်းနောက် သူဟာ ယခုနွေရာသီတွင် အပြီးသတ်ပြောင်းရွှေ့နိုင်မယ့်အချက်ဖြင့် ဗီလာသို့ အငှားဖြင့် ရောက်လာခဲ့တာပါ။