1 ပတ် - ဘာသာပြန်ပါ။

ဟုမ္မလင်းမြို့နယ်အတွင်း ချောင်းရေကြီးမှုကြောင့် နေအိမ်တချို့ ရေထဲမျောပါပြီး ဆေးရုံနဲ့ စာသင်ကျောင်းတွေထဲ ရေဝင်​နေ

စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့နယ်ထဲက မှော်ရုံမြိုင်ကျေးရွာနဲ့ ‌နမ့်တောဒေသမှာ ချောင်းရေကြီးမှုကြောင့် နေအိမ်တချို့ ရေထဲမျောပါပြီး ဆေးရုံနဲ့ စာသင်ကျောင်းတွေထဲ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဒီကနေ့ ဩဂုတ် ၅ ရက်၊ မနက်ပိုင်းမှာ မိုင်ဝယ်ကျေးရွာအုပ်စုနဲ့ မော်ရုံမြိုင်ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းတဲ့ နမ့်ခွဲတဲချောင်းရေ ရုတ်တရက် မြင့်တက်လာတဲ့အတွက် မော်ရုံမြိုင်ကျေးရွာရှိ လူနေအိမ်တချို့ ရေစီးနဲ့အတူ မျောပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ရေတက်အရမ်းမြန်တယ်။ ရေစီးနှုန်းလည်း ကြမ်းတယ်။ တချို့အိမ်တွေဆို ခဏလေးအတွင်းမှာကို ရေတိုက်စားပြီး ပါသွားတာ။ ပစ္စည်းတွေကို ဘေးလွတ်ရာကို ခက်ခက်ခဲခဲ ရွှေ့ပြောင်းနေရတယ်။ ဘေးရွာတွေကလူတွေ လာပြီး ဝိုင်းကူရွှေ့ပေးကြပါတယ်။ SNA က တာဝန်ရှိသူတွေလည်း လာကူပြီး ရွှေ့ပေးကြတယ်။ အိမ်ဘယ်နှစ်လုံး ရေထဲပါသွားတယ်ဆိုတာတော့ ဘယ်သူမှ စာရင်းမကောက်နိုင်သေးဘူး။ လောလောဆယ် ရွှေ့ပြောင်းဖို့ကိုပဲ ဦးစားပေး လုပ်နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၈၉၁)၊ တပ်ရင်း (၄) တပ်ဖွဲ့ဝင်တွေ၊ ထမံသီရဲစခန်း တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်ရာ ရွာတွေက ဒေသခံတွေက ကူညီရွှေ့ပြောင်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ နမ့်တောဒေသမှာလည်း မနေ့ ဩဂုတ် ၄ ရက်၊ ညနေပိုင်းကစပြီး ဥရုချောင်း၊ ချောင်းကြီးချောင်းနဲ့ နမ့်ရုန်ချောင်းရေတွေ ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ရေကြီးနေတာမှာ တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းတွေအပြင် ဒေသတွင်း လမ်းမကြီးတွေနဲ့ ဈေးဆိုင်ခန်း၊ လူနေအိမ်တွေထဲ ရေဝင်ရောက်နေပြီး ဒေသခံတချို့ ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်း နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။
“မိုးဆက်တိုက်ရွာလိုက်တော့ ရေတွေအဆမတန် များလာတာ။ နမ့်တောအခုလို ရေကြီးတာ တသက်နဲ့တကိုယ် ခုမှကြုံဖူးတယ်။ လမ်းတွေအကုန် ပြည့်လျှံကုန်တာ။ ဥရုချောင်းကလည်း ဒီမနက်မှာ ရေထပ်တိုးနေတယ်၊ မိုးကလည်း ရွာနေတုန်းဆိုတော့ အခြေအနေက စိတ်မချရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့ ရေဘေးအခြေအနေကို ဆက်လက် စောင့်ကြည့်လျက်ရှိပြီး ဒေသခံတွေကိုလည်း သတိနဲ့ သွားလာနေထိုင်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

image