1 ပတ် - ဘာသာပြန်ပါ။

နူးဒေလီတွင် ဟာစီနာမိန့်ခွန်းပြောမည်၊ အိန္ဒိယ၏ ရပ်တည်ချက်ကို ရှင်းပြစေလို--ဘင်္ဂလားဒေ့ရှ်

ထွက်ပြေးတိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် နူးဒေလီမှနေ၍ အွန်လိုင်းမိန့်ခွန်းပြောကြားရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ၏ ရပ်တည်ချက်ကို ရှင်းပြစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးကို နိုင်ငံရေးလှုပ်ရှားမှုများလုပ်ရန် ခွင့်ပြုခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့သည်။
ယင်းမှတ်ချက်များသည် သြဂုတ်လ ၅ ရက်နေ့တွင် နူးဒေလီရှိ တောင်အာရှနိုင်ငံခြားသတင်းထောက်များကလပ်(FCCSA) က ကျင်းပမည့် အခမ်းအနားတွင် ဟာစီနာ၏ အစီအစဉ်ပါဝင်နေမှုကိုဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး တရားဝင်တုန့်ပြန်မှုဖြစ်ပြီး သူ့အစိုးရကို ဖြုတ်ချခဲ့သော ကျောင်းသားများဦးဆောင်သည့် အုံကြွမှု ၏ ဒုတိယနှစ်ပတ်လည်နေ့လည်းဖြစ်သည်။
၂၀၂၄ ခုနှစ် သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးသွားကတည်းက နေထိုင်နေခဲ့သော ဟာစီ နာ ကို လွှဲပြောင်းပေးရန် အိန္ဒိယအစိုးရကို ဒါကာက အစဉ်တစိုက်တောင်းဆိုနေချိန်တွင် ယခုကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ သူ့အပေါ် တရားစွဲဆိုထားမှုများစွာရှိနေသော်လည်း ဒီဇင်ဘာလတွင် သူ သည် ဘင်္ဂလားဒေ့ရှ်သို့ပြန်ရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဟာစီနာက ပြောကြားခဲ့သည်။
“အနာဂတ်ကိုမျှော် တွေးတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ကျွန်တော်တို့ဟာ အိန္ဒိယနဲ့ ရှေ့ဆက်သွားနေပါတယ်။ ဒီတိုးတက်မှုကို မထိခိုက်စေလိုပါဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာမား အိုဘေယက် အစ္စလမ်က တနင်္လာနေ့အနှောင်းပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “အိန္ဒိယအနေနဲ့ သူ့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းရှိရပါမယ်” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။
အသက် ၇၈ နှစ်အရွယ် ဟာစီနာသည် သားဖြစ်သူ ဆာဂျစ်ဘ် ဝါဇက်ဂျွိုင်း၊ အခြားဟောပြောသူများနှင့်အတူ နူးဒေလီပွဲတွင် ဗီဒီယိုလင့်ခ်ဖြင့် မိန့်ခွန်းပြောကြားမည်ဟု FCCSA က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို လတ်တလောတွင် ကလပ်က တုန့်ပြန်ဖြေကြားခြင်း မရှိပေ။
အိန္ဒိယမြေမှနေ၍ နိုင်ငံရေးကြေညာချက်များ ထုတ်ပြန်ခဲ့သော ဟာစီနာနှင့် အခြား အဝါမီလိဂ်ခေါင်းဆောင်များနှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်မှုများကို ဘင်္ဂလားဒေ့ရှ်က အိန္ဒိယထံ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း အစ္စလမ်က ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို အိန္ဒိယအစိုးရက စီစဉ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း အစ္စလမ်က အလေးပေးပြောကြားခဲ့ပြီး ဒါကာအနေဖြင့် လိုအပ်ပါက ယင်းကိစ္စကို သံတမန်ရေးလမ်းကြောင်းများမှ တင်ပြမည်ဟု ပြောဆိုခဲ့သည်။

image