ရီးရဲလ်မက်ဒရစ်ပါရမီရှင်ဂိုးသမားဂွန်ဇာလက်ဇ်ကို ဆီဗီလာ ခေါ်ယူအားဖြည့်လာ
====================

ဆီဗီလာက ရီးရဲလ်မက်ဒရစ်မှ ပါရမီရှင်ဂိုးသမားဖရန်ဂွန်ဇာလက်ဇ်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ဘဏ္ဍာရေးပြဿနာများနှင့် ကြုံနေရတဲ့ ဆီဗီလာဟာ ယခုနွေရာသီတွင် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲများ ပြုလုပ်နေပြီး အသက် ၂၁ နှစ်ရှိ ပါရမီရှင်ဂိုးသမားအား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ဆီဗီလာဟာ ဖရန်ဂွန်ဇာလက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁ သန်းပေးခဲ့ရပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားအား ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းအား ထိန်းချုပ်ထားဆဲ ဖြစ်ကာ အနာဂတ်တွင် အသင်းသို့ ပြန်လည်ခေါ်ယူနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဂျူလီယိုဒီယာ့ဇ်ကို ဆီဗီလာသို့ ရောင်းချစဉ်တုန်းကလည်း ယင်းအချက်များကိုပါ စာချုပ်အတွင်းတွင် ထည့်သွင်းချုပ်ဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ဂွန်ဇာလက်ဇ်အား ပြန်လည်ခေါ်ယူလိုပါက ယူရို ၃ သန်းမှ ယူရို ၅ သန်းအတွင်း ပြောင်းရွှေ့ကြေးဖြင့်ပင် ခေါ်ယူနိုင်ပါမယ်။
ဂွန်ဇာလက်ဇ်ဟာ ၂၀၂၄-၂၅ ရာသီတုန်းက ရီးရဲလ်မက်ဒရစ်စီနီယာအသင်းအတွက် ဗီလင်စီယာနှင့်ပွဲတွင် ပထမဆုံးပွဲကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အလားအလာကောင်းများစွာ ပိုင်ဆိုင်တဲ့ ဂိုးသမားဖြစ်ပေမဲ့လည်း ရီးရဲလ်မက်ဒရစ်တွင် ကော့တွိုက်စ်နှင့် အင်ဒရေလူနန်တို့ ရှိနေမှုနှင့်အတူ အစွမ်းပြခွင့်မရရှိတာကြောင့် ယခုကဲ့သို့ ဆီဗီလာသို့ ပြောင်းရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

image