မြဝတီမြို့နယ် ကျောက်ခတ်ဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခဲ့သူများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေယူ၍ မြန်မာ-ထိုင်းနယ်စပ်သို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်

မြဝတီမြို့နယ် ကျောက်ခတ်ဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခဲ့သူများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေယူ၍ မြန်မာ-ထိုင်းနယ်စပ်သို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများသည် ကျောက်ခတ်ဒေသအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား အခကြေးငွေရယူ၍ အကာအကွယ်ပေးထားသည့် KNLA နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၆၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၃ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၁၁ ဦး စုစုပေါင်း ၇၇၇ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် star link ဗန်း ၁ ခု၊ ကွန်ပျူတာမျိုးစုံ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၂၁၀ ဦးခန့်အား ဇူလိုင် ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ နေရပ်ပြန်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေများရယူကာ မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး ကျောက်ခတ် - ဝေါလေ လမ်းကြောင်းအတိုင်း ဝေါလေ၏အနောက်တောင်ဘက် မီတာ ၂၆၀၀ ခန့်အကွာ မြန်မာ - ထိုင်း နယ်စပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် မြန်မာ - ထိုင်းနယ်စပ်အားဖြတ်သန်း၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

image