လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသမှာ အကူညီလို​နေချိန် နေအိမ်ဖောက်ထွင်းခိုးယူမှုတွေဖြစ်​နေ

ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ရေကြီးနစ်မြုပ်မှု လေးရက်ကြာတဲ့အထိရှိလာပြီး ရေဆက်တိုးနေတာကြောင့် ပိတ်မိသူတွေရှိနေဆဲဖြစ်လို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးဖို့ ၊ အစားအစာ ၊သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ လေးမျက်နှာမြို့နယ်ထဲမှာ မြစ် ရေဆက်တိုးနေတဲ့အတွက် ရေနစ်မြုပ်တဲ့ ဧရိယာပိုကျယ်လာတဲ့အပြင် ရေစီးလည်းကြမ်းတဲ့အတွက် တချို့ရွာဘက်တွေမှာ အကူအညီအထောက်အပံ့တွေ မရောက်သေးတဲ့အပြင် နေထိုင်မရတော့လို့ ရွှေ့ပြောင်းပေးဖို့ လိုအပ်သူတွေလည်း ရှိနေတယ်လို့သိရပါတယ် ။
ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ ၊သောက်ရေသန့် ၊ဆေးဝါး ၊ ဖယောင်းတိုင်တွေ ၊ အမျိုးသမီးလစဥ်သုံး ၊ အဝတ်အစား စတဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
" မဝင်ရသေးတဲ့ရွာတွေ ဆက်ဝင်ဖို့ကြိုးစားချိတ်ဆက်နေကြပါတယ် ။ တာပေါ်နေကြတဲ့ သူတွေ ၊မြစ်နီးတအိမ်လုံးမြုပ်တဲ့ အိမ်တွေအပြင် ရေဝင်ဧရိယာတိုးလာလို့ ပြောင်းလာသူတွေအပြင် အပေါ်ထပ်ရေထိတော့မှာပေမယ့် သူခိုးကြောက်လို့မပြောင်းလာဘူး ဆိုတဲ့ သက်ကြီးတွေလည်းရှိပါတယ် ။ ရေသန့် နဲ့ ဟင်းအခြောက်တွေ ပို့ဆောင်ဖို့ကြိုးစားနေသလို အမျိုးသမီးလစဉ်သုံး ၊ ခြင်ဆေး၊ ယားနာလူးဆေး၊ ကလေးဒိုင်ပါ၊ ဗိုက်အောင့်ကြသူများလို့ air x ၊ probiotic လည်းလိုကြပါတယ်။ " လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေမေတ္တာ လူမှူကူညီရေးအသင်းမှ မရွှေလဲ့က ပြောထားပါတယ် ။
လူမှုကူညီရေး အဖွဲ့တွေအနေနဲ့ လည်း အားလုံးနဲ့ချိတ်ဆက်ပြီး ကျေးရွာဘက်တွေက ပိတ်မိသူတွေကို ကူညီရွှေ့ပြောင်းပေးတာ ၊ အစားအစာနဲ့သောက်ရေသန့်တွေ ဝေငှ နေပေမယ့်လည်း ရေနစ်မြုပ်ဧရိယာကျယ်လာတဲ့အတွက် ကူညီကယ်ဆယ်ရေးပိုင်းမှာ လိုအပ်ချက်တွေများလာပြီး ရေနစ်မြုပ်နေရာတိုင်းကို ရောက်ဖို့ ကြန့်ကြာမှုရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိ လေးမျက်နှာမြို့နယ်ထဲက ညောင်ဝိုင်းရွာ၊ ဒေါင့်ကြီးရွာတွေမှာ အိမ်ခြေ ၂၀၀ ကျော်လောက်က လူဦးရေ ၁၀၀၀ ဝန်းကျင်ဟာ ပိတ်မိနေပြီး ကုန်းမြင့်နေရာမှာ နေထိုင်နေရသလို သခွတ်ချောင်းအုပ်စု၊ ဝဲဒေါင့်ကျေးရွာမှာလည်း လူဦးရေ ၆၀ လောက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာတွေဘက်မှာ ကယ်ဆယ်ရေးအဖွဲ့ တွေ မရောက်သေးတဲ့အတွက် ရေဘေးသင့်သူတွေ ဒုက္ခရောက်နေတာကြောင့် ဒီနေ့မှာ ထီးထာကရင်လူငယ်များပရဟိတဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေး နှင့် ကူညီ ထောက်ပံ့ရေးတာဝန်ခံ စအိုင်ထီခန့် တို့အဖွဲ့က ကူညီကယ်ဆယ် ရွှေ့ပြောင်းဖို့ သွားရောက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့ကနေ အိုင်သပြုရွာကြီးကိုသွားရာလမ်းတလျှောက်လုံးမှာလည်း ရေလွှမ်းမိုးထားတာကြောင့် ကားသွားလို့မရတော့အထိဖြစ်နေတဲ့အပြင် ဒီကနေ့ ဩဂုတ် ၃ ရက်မှာဆိုရင် အိုင်သပြုနဲ့ ငသိုင်းချောင်းလမ်းပေါ်က လက်သမားရွာအနီးရှိတံတားတစင်း ပြိုကျပျက်စီးသွားတဲ့အပြင် ရွာဘက်တွေမှာလည်း ရေဝင်ရောက်မှုရှိနေတယ်လို့သိရပါတယ်။

image