အနာဂတ်မရေမရာ ဖြစ်နေတဲ့ ဒီဂျက်စပန့်စ်အား အသင်းတွင် ဆက်ထိန်းထားလိုနေတဲ့ စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီ
======================

စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီက အနာဂတ်မရေမရာ ဖြစ်နေတဲ့ အင်္ဂလန်နောက်တန်းအစွန်လူဒီဂျက်စပန့်စ်ကို အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ပြောကြားလာပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကမှ ကလပ်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲ့လည်း အင်တာမီလန်၊ အဲဗာတန်တို့ရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
အီတလီလူမျိုးနည်းပြက ယခုနွေရာသီတွင် ကစားသမား ခေါ်ယူအားဖြည့်မှုများစွာ ပြုလုပ်ထားမှုကြောင့် ဒီဂျက်စပန့်စ်အနေဖြင့် နေရာရရှိရေး ပြိုင်ဆိုင်မှု ပြင်းထန်လာမှာ ဖြစ်ပေမဲ့လည်း သူ့အစီအစဉ်တွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်ကြောင်း ဆိုထားပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် ရှင်သန်နိုင်ရေး ရာသီသိမ်းပွဲအထိ တိုက်ပွဲဝင်ခဲ့ရပြီးနောက် ယခုနွေရာသီတွင် ပေါင် ၂၃၇ သန်းအထိ အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူအားဖြည့်ထားပါတယ်။
ယခုအပတ်အစောပိုင်းတုန်းက သတင်းစာရှင်းလင်းပွဲတွင် အသင်းတွင် မနေချင်တဲ့သူများအနေဖြင့် ထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့တဲ့ ဒီဇာဘီက "ကျွန်တော်ကတော့ ဆက်ရှိစေချင်တာပါပဲ။ ဒီဂျက်နဲ့ လူးကပ်စ်(ဘတ်ဗေးလ်)တို့ကို ပြောခဲ့တာပါ။ ဒါပေမဲ့ ပြောခဲ့သလိုပဲ သူတို့သာ ဆက်ရှိနေရင် ကျွန်တော်ကလည်း ဆက်ရှိစေချင်ပါတယ်။ မဆက်နေချင်တော့ဘူးဆိုရင် ထွက်ခွာချင်တယ်ဆိုရင်တော့ ထွက်သွားပါ"လို့ ပြောကြားသွားပါတယ်။
စပိန့်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားခဲ့ရာတွင် ၂၃ ပွဲအား ပွဲထွက်ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
ဒီဇာဘီဟာ စပိန်နှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ညာနောက်ခံလူပီဒရိုပေါ်ရိုအား ဦးစားပေးညာနောက်ခံလူအဖြစ် အသုံးပြုပါတယ်။
တဖက်တွင် စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီရိုမှာလည်း အင်တာမီလန်သို့ ပြောင်းရေး ဆွေးနွေးနေသလို အီတလီဂိုးသမားဗီကာရီယိုမှာလည်း ထွက်ခွာလာဖို့ ရှိနေပါတယ်။

image