နယူးကာဆယ်နည်းပြရာထူးမှ ထွက်ခွာလာတော့မယ့် အက်ဒီဟောင်း
===================
နယူးကာဆယ်နည်းပြအက်ဒီဟောင်းဟာ နည်းပြရာထူးမှ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။
အက်ဒီဟောင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲ ၃၈ ပွဲတွင် ၁၇ ပွဲ ရှုံးနိမ့်ကာ အဆင့် ၁၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီးနောက် ဖိအားများနှင့် ကြုံလာရသူ ဖြစ်ပါတယ်။
အသက် ၄၈ နှစ်ရှိ အက်ဒီဟောင်းရဲ့ နယူးကာဆယ်အား ကိုင်တွယ်တဲ့ နောက်ဆုံးပွဲမှာ ဗုဒ္ဓဟူးနေ့တုန်းက ဘရစ္စတိုးစီးတီးအား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ် ဖြစ်လာပါမယ်။
အက်ဒီဟောင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကလပ်ဘက်က ကစားသမားများစွာ ရောင်းချရန် လိုအပ်နေမှုနှင့်ပတ်သက်ပြီး ယခုကဲ့သို့ နုတ်ထွက်ရန် ဆုံးဖြတ်လာတာ ဖြစ်ကြောင်း သိရပါတတယ်။
အက်ဒီဟောင်းဟာ ယခုနှစ် အစောပိုင်းတုန်းကလည်း အရေးပါတဲ့ကစားသမားများအား ရောင်းချမှုကြောင့် ရာထူးမှ နုတ်ထွက်နိုင်တဲ့ အခြေအနေမျိုး ကြုံခဲ့ရပေမဲ့လည်း အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်းတွင် ကစားသမားသစ်အားဖြည့်ရာတွင် ပေါင် ၂၄၀ အထိ အသုံးပြုခဲ့ပေမဲ့လည်း အရေးပါတဲ့ တိုက်စစ်မှူးအလက်ဇန္ဒားအီဆက်ခ်ကို လီဗာပူးထံ ရောင်းချခဲ့ရပါတယ်။
အက်ဒီဟောင်းဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတိဗ်ဘရုစ်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ကလပ်သမိုင်းတွင် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးပြည်တွင်းဆုဖလားအဖြစ် ၂၀၂၅ ခုနှစ် ခါရာဘောင်ဖလား ရယူပေးထားနိုင်ပါတယ်။
နယူးကာဆယ်ဟာ အက်ဒီဟောင်းလက်ထက်တွင် ပရီးမီးယားလိဂ်ပွဲ ၁၇၉ ပွဲတွင် ၈၄ ပွဲနိုင်ပွဲ ရရှိပြီး ၅၇ ပွဲရှုံးပွဲ ကြုံတွေ့ကာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။
နယူးကာဆယ်ဟာ အက်ဒီဟောင်းနေရာတွင် ဆော်ဒီကလပ် Al Ahli နည်းပြမားသီးယပ်စ်ဂျိုင်ဆယ်ကို ခန့်အပ်ရန် သဘောတူညီမှု ရရှိထားပြီးလည်း ဖြစ်ပါတယ်။