၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းမည်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရန် အရေးကြီးသဖြင့် LNG၊ နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးနှင့် နျူကလီးယားစွမ်းအင်အပါအဝင် စွမ်းအင်ရင်းမြစ်မျိုးစုံကို ဟန်ချက်ညီညီ အသုံးချကာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ရည် (LNG) အသုံးပြုသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များအပေါ် အဓိကမှီခိုနေရသဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု အတက်အကျဖြစ်ပေါ်ခြင်းနှင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်ခြင်းတို့သည် နိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသည် အီကွေတာနှင့် နီးကပ်ပြီး တစ်နှစ်ပတ်လုံး နေရောင်ခြည်စွမ်းအင် ရရှိနိုင်သဖြင့် အရှေ့တောင်အာရှဒေသ၌ ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်မှု အလားအလာကောင်းမွန်သည့် နိုင်ငံများအနက် ပါဝင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ အထူးသဖြင့် မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းများသည် ဆိုလာစွမ်းအင်ထုတ်လုပ်ရေးအတွက် အလားအလာကောင်းမွန်သည့် ဒေသများဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုတိုးမြှင့်ရန် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကိုယ်ပိုင်ဆိုလာဓာတ်အားပေးစနစ်များ တည်ဆောက်တပ်ဆင်အသုံးပြုရေးကို အားပေးဆောင်ရွက်နေကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။
သစ်တောပြုန်းတီးမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးမြှင့်အသုံးချသွားမည်ဖြစ်သကဲ့သို့ ရေအားလျှပ်စစ်စက်ရုံများ ရေရှည်စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဧရာဝတီမြစ်မကြီးပေါ်၌ အနိမ့်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် လေ့လာမှုများ ဆောင်ရွက်နေကြောင်းနှင့် မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော်နိုင်ပါက နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

image