နေပြည်တော်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၊ မီးသတ်တပ်ဖွဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆောင်ရွက်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်ရှိ လူနေအိမ်များနှင့် ဥတ္တရသီရိမြို့နယ်ရှိ ဆေးရုံတို့တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ပုဗ္ဗသီရိမြို့နယ် ဂွေ့ကြီးချောင်း ရေလျှံမှုကြောင့် ဆင်ဖြူရှင်ရပ်ကွက်ရှိ စွယ်တော်လမ်း၊ ရန်ကုန် (၁) လမ်း၊ ရန်ကုန် (၂) လမ်းနှင့် ရန်ကုန် (၃) လမ်းတို့တွင် ရေဝင်ရောက်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အရန်မီးသတ်ယာဉ်များ အသုံးပြု၍ ဒေသခံအိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။
ထို့ပြင် ယင်းနေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ဥတ္တရသီရိမြို့နယ် ဖိုးဆောင်းတောင်မှ တောင်ကျရေများ စီးဆင်းဝင်ရောက်လာမှုကြောင့် အရိုးရောဂါအထူးကုဆေးရုံရှိ သွေးလှူဆောင်၊ ဓာတ်မှန်ဆောင်နှင့် အခြားနေရာများတွင် ရေဝင်ရောက်ခဲ့သဖြင့် ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးကူညီကယ်ဆယ်ရေးနှင့် လိုအပ်သည့် အရေးပေါ်ဆောင်ရွက်မှုများကို အချိန်မီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးလောင်မှု၊ ရေဘေးအပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ်ဖြစ်စဉ်များ ကြုံတွေ့ပါက အရေးပေါ် Hotline ၁၉၁ သို့မဟုတ် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနများ၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။

image