3 ရက် - ဘာသာပြန်ပါ။

အင်ဖန်တီနိုရဲ့ ကမ္ဘာ့ဖလားအစီအစဉ်ကို ယူအီးအက်ဖ်အေနှင့် ဗြိတိန်ဝန်ကြီးချုပ် ဝေဖန်လာ
=====================

ယူအီးအက်ဖ်အေနှင့် ဗြိတိန်ဝန်ကြီးချုပ်သစ်အင်ဒီဘန်းဟမ်တို့ဟာ ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ပြိုင်ပွဲများရဲ့ ရှယ်ယာအချို့တို့ကို ပုဂ္ဂိုလ်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီများထံ ရောင်းချရေး စီစဉ်လာမှုအပေါ် အပြင်းအထန် ဝေဖန်လာကြပါတယ်။
ဖီဖာဟာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖြစ် ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ တိုးချဲ့ရန် ရည်ရွယ်ထားပြီး ပြင်ပရင်းနှီးမြှပ်နှံရေးကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ရန် စီစဉ်ထားပါတယ်။
အထက်ပါသတင်းကို Financial Times နှင့် Times တို့က ဖော်ပြလာကြတာ ဖြစ်ပြီး Times က ယင်းအစီအစဉ်ကြောင့် ဖီဖာဥက္ကဌအင်ဖန်တီနိုမှာ ပေါင်သန်းဆယ်ချီ ရရှိလာမယ်လို့လည်း ဖော်ပြထားပါတယ်။
ဖီဖာဟာ တတိယရင်နှီးမြှပ်နှံရေးအဖွဲ့တို့အား ရှယ်ယာအနည်းငယ်ကို ရောင်းချကာ ထိန်းချုပ်မှု မရှိတဲ့ ရင်းနှီးမြှပ်နှံရေးအဖြစ် Fifa Forward Enterprise (FFE) အဖွဲ့သစ် ဖန်တီးလာမှာလည်း ဖြစ်ပါတယ်။
အထက်ပါအစီအစဉ်ဖြစ်မြောက်ရေးမှာ ဖီဖာအဖွဲ့ရဲ့ ၂၁၁ တို့ရဲ့ မဲပေးဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။
ယင်းအစီအစဉ်သာ ဖြစ်မြောက်လာပါက Fifa Forward Enterprise (FFE) အား Thrive Eternal က ဦးဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။
Thrive Eternal မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သားမက်ဂျာရတ်နှင့် ညီအစ်ကိုဖြစ်သူ ဂျိုရှာကူရှနာက ဦးဆောင်နေတာပါ။
ဖီဖာကမူ ယင်းရင်းနှီးမြှနှံရေးအစီအစဉ်ကြောင့် ဖီဖာအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်ဖွဲ့လျှင် ဒေါ်လာသန်း ၂၀ အထိ အကျိုးအမြတ် ရရှိလာမယ်လို့လည်း ဆိုထားပါတယ်။
ဒါပေမဲ့ ယူအီးအက်ဖ်အေက ဖီဖာရဲ့ လုပ်ဆောင်မှုက စည်းကျော်ဘောင်ကျော်လုပ်ရပ် ဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဘန်းဟမ်းကလည်း "ကျွန်တော် တိုက်ရိုက်ပဲ ပြောပါရစေ။ ဘောလုံးဆိုတာ ရင်းနှီးမြှပ်နှံသူတွေနဲ့ ဆိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ နေပူ မိုးရွာမရှောင် အပတ်စဉ်အပတ်တိုင်း ကွင်းဘေးမှာ ရပ်တည်နေတဲ့လူတွေ၊ ကွင်းထဲလာကြည့်တဲ့သူတွေနဲ့ပဲ သက်ဆိုင်တာပါ။ ကမ္ဘာ့ဖလားက ထုတ်ကုန်မဟုတ်ပါဘူး။ ကမ္ဘာ့အားကစားရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။ ဘယ်သူမှ ရောင်းလို့မရပါဘူး။ ခင်ဗျားကြိုက်သလို အရောင်းအဝယ်ကို ပြင်ဆင်နိုင်တယ်။ ဒါပေမဲ့ တစ်စိတ်တစ်ပိုင်း ရောင်းပြီဆိုတာနဲ့ အားလုံးလည်း ရောင်းချထားပြီးသားပါ။ ဘောလုံးက ပရိသတ်တွေနဲ့ပဲ သက်ဆိုင်တယ်။ ဒါက အမြဲတမ်း အစဉ်တစိုက် ရှိနေရမယ့်အရာပါ"လို့ ပြောကြားသွားပါတယ်။

image