အီတလီနည်းပြသစ်အဖြစ် ရောဘတ်တိုမန်စီနီအား ပြန်လည် ခန့်အပ်လာ
====================
အင်ဒရေပီယာလိုက ရာထူးအားလက်ခံရန် ငြင်းဆိုလာပြီး နည်းစနစ်ဒါရိုက်တာသစ်ပေါ်လိုမာလ်ဒီနီ နုတ်ထွက်လာပြီးနောက် အီတလီနည်းပြသစ်အဖြစ် ရောဘတ်တိုမန်စီနီအား ဒုတိယအကြိမ်မြောက် ခန့်အပ်လာပါတယ်။
အီတလီဟာ ကမ္ဘာ့ဖလားတတိယအကြိမ်မြောက် ခြေစစ်ပွဲကျပြီး ဧပြီလတုန်းက ဂန်နာရိုဂတ်တူဆို နုတ်ထွက်သွားပြီးနောက် နည်းပြလက်မဲ့ ဖြစ်လာတာပါ။
အီတလီဟာ နည်းစနစ်ဒါရိုက်တာသစ်အဖြစ် ပေါ်လိုမာလ်ဒီနီနှင့် အကြံပေးအဖြစ် လီယိုနာဒိုတို့အား ခန့်အပ်ကာ လက်ရွေးစင်အသင်းအား အကြီးအကျယ် အပြောင်းအလဲ ဖြစ်အောင် တည်ဆောက်ရန် စီစဉ်ခဲ့ပါတယ်။
ပေါ်လိုမာလ်ဒီနီနှင့် လီယိုနာဒိုတို့ဟာ နံပါတ်တစ်ဦးစားပေးအဖြစ် အန်ဆယ်လော့တီနှင့် ဂွါဒီယိုလာတို့အား ခန့်အပ်ရန် ကြိုးပမ်းခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။
ယင်းနောက် ၎င်းတို့ဟာ ပီယာလိုအား ခန့်အပ်ရေး အနီးစပ်ဆုံးအနေအထားသို့ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပီယာလိုမှာ ရုရှားလောင်းကစားကုမ္ပဏီတစ်ခုရဲ့ တစ်ကမ္ဘာလုံးသံတမန်အဖြစ် လုပ်ဆောင်နေမှုကြောင့် အပြင်းအထန် ဝေဖန်ခံလာရပြီးနောက် ရာထူးအား လက်ခံရန် ငြင်းဆိုလာခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် ၁၆ ရက်သာ တာဝန်ထမ်းဆောင်လာခဲ့ကြတဲ့ မာလ်ဒီနီနှင့် လီယိုနာဒိုတို့ ရာထူးမှ နုတ်ထွက်ခြ့ကြပါတယ်။
ယခုအခါ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဟောင်းရောဘတ်တိုမန်စီနီအား နည်းပြသစ်အဖြစ် ဒုတိယအကြိမ်မြောက် ခန့်အပ်လာပါတယ်။
အသက် ၆၁ နှစ်ရှိ မန်စီနီဟာ အီတလီအသင်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဦးဆောင်ခဲ့ဖူးပြီး ယူရို ၂၀၂၀ ဖလား ရယူပေးနိုင်ခဲ့ပါတယ်။
သူဟာ အီတလီအသင်းကို ၃၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ရပါတယ်။
ဒါ့အပြင် အီတလီဘောလုံးအဖွဲ့ချုပ်ဟာ မာလ်ဒီနီ နုတ်ထွက်သွားမှုကြောင့် လစ်လပ်နေတဲ့ နည်းစနစ်ဒါရိုက်တာနေရာမှာ လက်စတာနည်းပြဟောင်းကလူဒီယိုရေနီယာရီအား ခန့်အပ်လာပါတယ်။
မန်စီနီဟာ လာဇီယို၊ အင်တာမီလန်တို့နှင့်အတူ စီးရီးအေဖလား ၃ ကြိမ်ဆက်ဆွတ်ခူးခဲ့သလို ကိုပါအီတာလီယာဖလားတို့လည်း ရယူနိုင်ခဲ့ပြီး မန်စီးတီးအား ပထမဆုံးပရီးမီးယားလိဂ်ဖလားရအောင် ဦးဆောင်ခဲ့ဖူးပါတယ်။
သူဟာ ဇင်းနစ်၊ ဂါလာတာစာရေး၊ ဆော်ဒီလက်ရွေးစင်အသင်းနှင့် ကာတာကလပ် Al Sadd တို့ကိုလည်း ကိုင်တွယ်ဖူးပါတယ်။
မန်စီနီဟာ အီတလီအား ပထမဆုံးပွဲအဖြစ် စက်တင်ဘာလ ၂၅ ရက်နေ့ဘယ်ဂျီယံနှင့် နေးရှင်းလိဂ်ပွဲစဉ်အား ကြီးကြပ်ရပါမယ်။