ပြင်သစ်နည်းပြသစ်အဖြစ် ဇီဒန်းအား တရားဝင် ခန့်အပ်လာ
====================
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းကို ပြင်သစ်နည်းပြအဖြစ် တရားဝင် ခန့်အပ်လာပြီ ဖြစ်ပါတယ်။
ပြင်သစ်ကို ၁၄ နှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ ဒီဒီယာဒက်ချမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပြီးနောက် ရာထူးမှ ထွက်ခွာခဲ့ပါတယ်။
ပြင်သစ်သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေတဲ့ အသက် ၅၄ နှစ်ရှိ ဇီဒန်းဟာ ပြင်သစ်ကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကြီးကြပ်လာမယ့် စာချုပ်အား ချုပ်ဆိုလာတာပါ။
ဒက်ချမ့်ဟာ ပြင်သစ်အသင်းကို ၁၄ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ၂ ကြိမ်၊ ယူရိုဗိုလ်လုပွဲသို့ ၁ ကြိမ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဇီဒန်းဟာ ပြင်သစ်အတွက် ပထမဆုံးပွဲအဖြစ် စက်တင်ဘာလ ၂၅ ရက်နေ့ တူရကီအား အဝေးကွင်းသို့ သွားရောက်ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်အား ကြီးကြပ်လာပါမယ်။
ဇီဒန်းဟာ ၂၀၁၄ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်(ခ)အသင်းကို ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်ပြီးနောက် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အား ပထမအကြိမ် ကိုင်တွယ်စဉ်အတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက် ရယူပေးခဲ့တဲ့အပြင် လာလီဂါဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား ၃ ကြိမ်၊ စပိန်စူပါဖလား ၁ ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ဖလား ၂ ကြိမ်ရယူပေးခဲ့ပါတယ်။
ယင်းနောက် သူဟာ ရီးရဲလ်မက်ဒရစ်အား ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်စဉ်အတွင်း လာလီဂါဖလား ၁ ကြိမ်နှင့် စပိန်စူပါဖလား ၁ ကြိမ်ရယူပေးခဲ့ပါတယ်။
ဇီဒန်းဟာ နည်းပြဘဝအတွင်း ရီးရဲလ်မက်ဒရစ်အသင်းတစ်သင်းတည်းကိုသာ ကိုင်တွယ်ဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထွက်ခွာလာပြီးနောက် ဥရောပတလွှားထိပ်သီးကလပ်များရဲ့ ချဉ်းကပ်ခြင်းခံခဲ့ရပေမဲ့လည်း ပြင်သစ်အသင်းကို ကိုင်တွယ်ရန်အတွက် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းလာသူလည်း ဖြစ်ပါတယ်။