16 နာရီ - ဘာသာပြန်ပါ။

ပဲခူးမြို့တွင် ပဲခူးမြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလာပြီး မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက် လမ်းများအတွင်းသို့ မြစ်ရေများဝင်ရောက်လာ
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏ ပဲခူးမြစ်ရေမှာ ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိလာပြီး ပဲခူးမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက် လမ်းများအတွင်းသို့ မြစ်ရေများဝင်ရောက်လာကြောင်း သိရသည်။

မိုးဇလ ဦးစီးဌာန၏ ဇူလိုင် ၃၀ ရက် နံနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေမှာ စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာအထက် ၈၈၁ စင်တီမီတာ( ၁ စင်တီမီတာကျော်လွန်) သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါမြစ်ရေမှာ နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သဖြင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြု နေထိုင်ပါရန် မိုးဇလဦးစီးဌာနမှ သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

ပဲခူးမြို့တွင် ဇူလိုင် ၂၈ ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေများသိသိသာသာမြင့်ဆက်လာကာ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းမှ စတင်ပြီး ပဲခူးမြို့ မြေနိမ့်ပိုင်းနှင့် အောက်ချိုင့်နေရာများဖြစ်သော ဇိုင်းတောင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ကွက်သစ်လမ်းများ၊ နတ်စဉ်ပိုင်းလမ်းနှင့် ပတ္တမြားလမ်းတို့တွင် ရေအနက် ၄ ပေကျော်ခန့်အထိ ရေများ ဝင်ရောက်လာခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါမြစ်ရေမှာ ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ ရေကျော်ပိုင်း၊ အိုးလေးစုနှင့် ပြည်တော်သာအပိုင်းတို့၏ ကြားလမ်းအချို့သို့ ရေများ ဆက်လက်ဝင်ရောက်လာပြီး ရေတက်ရောက်မှုသည် စိုးရိမ်ဖွယ်အခြေအနေသို့ မရောက်ရှိသေးကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက မြစ်ရေဝင်ရောက်မှုအခြေအနေကို ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်းနှင့် ရေတက်ရောက်မှုနှင့်ပတ်သက်သည့် ထူးခြားပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးမြို့မှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။

ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်လာပြီးနောက် ပဲခူးမြိုကလျာဏီရပ်ကွက်၊ နယ်မြေ - (၁)၊ (၄)၊ (၅)၊ (၆) နှင့် (၁၆) တို့မှ အိမ်ခြေ - ၅၀၀ ခန့်တို့မှာ ရေအနက်ဆုံး ၄ ပေခန့်အထိ မြစ်ရေများ ဝင်ရောက်လျှက်ရှိကြောင်း၊ ရေအခြေအနေသည် ဆက်လက်ပြောင်းလဲနိုင်သဖြင့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ အသိပေးထုတ်ပြန်ချက်များကို စောင့်ကြည့်လိုက်နာကြရန် တာဝန်ရှိသူတစ်ဦးက တိုက်တွန်းသတိပေးထားကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့၏ စစ်တောင်းမြစ်ရေမှာလည်း မိုးဇလဦးစီးဌာန၏ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ယင်းမြို့၏စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာသို့ ရောက်ရှိရန် ၃ စင်တီမီတာ( ၁ လက်မခန့်အလို)ခန့်အလို ၁၀၆၇ စင်တီမီတာသို့ ရောက်ရှိလာခဲ့ပြီး မဒေါက်မြို့ စစ်တောင်းမြစ်အနီး မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် မိုးဇလမှ သတိပေးနှိုးဆော်ထားကြောင်း သိရသည်။