သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီတင်သင်္ဘော ၄ စင်း ရောက်ရှိလာပြီး ဆီချလုပ်ငန်းများ ဆောင်ရွက်နေ

ရန်ကုန်မြို့ရှိ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Terminal များသို့ ဇူလိုင် ၂၆ ရက်က စက်သုံးဆီတင်သင်္ဘော ၄ စင်း ဆိုက်ကပ်လာပြီး လက်ရှိတွင် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ပြည့်မီရေးနှင့် အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှု မရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် တင်သွင်းဖြည့်တင်းပေးလျက်ရှိသည်။
ထို့ပြင် စက်သုံးဆီများ သုံးစွဲသူများထံ အမှန်တကယ် ရောက်ရှိစေရေးအတွက် ဖြည့်တင်းမှုကွင်းဆက်တစ်လျှောက် စစ်ဆေးကြပ်မတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များ ဝယ်ယူခွင့်ပြုရာတွင်လည်း အမှန်တကယ်လိုအပ်ချက် (Real Demand) နှင့် အမှန်တကယ်မှာယူမှု (Real PO) ဖြစ်စေရန် နည်းပညာအသုံးပြု QR Code နှင့် Bar Code အရောင်းစာရင်းများကို စိစစ်ကာ ရောင်းအားနှင့်ကိုက်ညီသည့် စက်သုံးဆီဝယ်ယူခွင့်(PO)များ ရရှိစေရေး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် သီလဝါ Terminal များမှ ထုတ်ယူသည့် စက်သုံးဆီများကို သတ်မှတ်ထားသည့် အရောင်းဆိုင်များနှင့် လုပ်ငန်းများထံ ပို့ဆောင်ရာတွင် အသုံးပြုသည့် သယ်ယူရေးယာဉ်များနှင့် စက်သုံးဆီသယ်လမ်းကြောင်းများကိုလည်း စနစ်တကျ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးကွက် တည်ငြိမ်စေရေးနှင့် သုံးစွဲသူများထံ ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆီတင်သွင်းမှုနှင့် ဖြန့်ဖြူးမှုလုပ်ငန်းများ ဆက်လက်ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

image