5 နာရီ - ဘာသာပြန်ပါ။

ကလေး-တမူးလမ်းပေါ်ရှိ ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းကို တပ်မတော် ထိန်းချုပ်ရရှိ

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းတို့ကို တပ်မတော်စစ်ကြောင်းများက ထိန်းချုပ်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန (MOI) က ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ ကလေး-တမူးလမ်းကြောင်း လုံခြုံရေးနှင့် ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဇွန် ၇ ရက်မှစတင်၍ စစ်ကြောင်းများခွဲကာ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသည့် စစ်ကြောင်းက ရန်လင်းဖိုင်ကျေးရွာအထိ ထိန်းချုပ်နိုင်ခဲ့ပြီး ကလေးမြို့ဘက်မှ ချီတက်လာသည့် စစ်ကြောင်းကလည်း လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇူလိုင် ၂၆ ရက် ညနေပိုင်းတွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းတို့ကို ထိန်းချုပ်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ ဆုတ်ခွာသွားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကလေး-တမူးလမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် ပျက်စီးခဲ့သည့် နေအိမ်များနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image