အရန်ကစားသမားနေရာကို လူကာကူ လက်ခံမည်မဟုတ်ကြောင်း နာပိုလီကို အေးဂျင့် သတိပေးလာ
==================
ရိုမီလူလူကာကူမှာ နာပိုလီတွင် အရန်ကစားသမားနေရာကို လက်ခံလာမည်မဟုတ်ကြောင်း အေးဂျင့်ဖီဒီရီကိုပါစတိုရယ်လိုက သတိပေးပြောကြားလာပါတယ်။
ဘယ်ဂျီယံတိုက်စစ်မှူးဟာ နာပိုလီနှင့် တစ်နှစ်ကျန်စာချုပ်သက်တမ်းသို့ တိုးဝင်နေသူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ကြွက်သားဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ၂၀၂၅-၂၆ ရာသီအတွင်းတွင် ၆၄ မိနစ်တည်းသာ ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
နာပိုလီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်မှ ရာစမပ်စ်ဟွိုက်လန်းကို အငှားဖြင့် ခေါ်ယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပြီးနောက် အပြီးသတ် ခေါ်ယူမှု ပြုလုပ်ထားပါတယ်။
မကြာသေးမီတုန်းက နာပိုလီအားကစားဒါရိုက်တာဂျီယိုဗန်နီမန်နာက လူကာကူ အားလပ်ရက်မှ ပြန်ရောက်လာချိန်တွင် အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်သွားရမယ်လို့ ဖွင့်ဟထားပါတယ်။
ဒါပေမဲ့ အေးဂျင့်ပါစတိုရယ်လိုကတော့ လူကာကူမှာ ၂၀၂၆-၂၇ ရာသီတွင် နာပိုလီမှာ အရန်အဖြစ်ကစားသမားအဖြစ် ကစားလာရမှာကို လက်ခံလာမှာ မဟုတ်ကြောင်း တိုက်ရိုက်သတိပေးပြောဆိုလာပါတယ်။
ပါစတိုရယ်လိုက "လက်ခံမှာ မဟုတ်ဘူး(အရန်ကစားသမား)။ သူက ကြီးကျယ်တဲ့ကစားသမားပါ။ ဒါကို သက်သေပြခဲ့ပြီးလည်း ဖြစ်တယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ ဒီလိုအခြေအနေမျိုးကို လက်ခံဖို့ ခက်ခဲတယ်။ ကနဦးရွေးချယ်မှု ရှိတယ်ဆိုတာ ပြသထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ကွင်းထဲမှာ ဖြစ်လာတဲ့အရာက အဆုံးအဖြတ်ပါ။ မန်နာရဲ့ ပြောစကားအရဆိုရင် ငွေကြေးက စဉ်းစားစရာအချက် ဖြစ်နေပုံရတယ်။ ထိပ်တန်းတိုက်စစ်မှူးနှစ်ယောက် ရှိနေတာကိုး"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အေးဂျင့်က လူကာကူမှာ ကစားသမားဘဝတစ်လျှောက် ငွေများစွာ ရှာဖွေထားပြီးဖြစ်တာကြောင့် စာချုပ်သက်တမ်းတိုးရေး (သို့မဟုတ်) လုပ်ခညှိနိုင်းရေးအတွက် ပြဿနာမဟုတ်ကြောင်းလည်း ထပ်လောင်းပြောကြားသွားပါတယ်။
တဖက်တွင် နာပိုလီဟာ အသင်းရဲ့ နံပါတ်တစ်တိုက်စစ်မှူးအဖြစ် ဟွိုက်လန်းကို ခေါ်ယူထားပြီးဖြစ်ရာ လူကာကူအား ပုံမှန်ပွဲထွက်နေရာအတွက် အာမခံချက် ပေးလာနိုင်ဖို့မရှိပါဘူး။
နာပိုလီဟာ စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့ လူကာကူအား ဆက်ထိန်းထားပါက လာမယ့်နွေတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လာရမှာ ဖြစ်လို့ ယခုနွေတွင် အပြီးသတ် ရောင်းချလာဖို့ ရှိနေပါတယ်။
ယင်းသို့ ရောင်းချမှုကြောင့် နာပိုလီအနေဖြင့် လုပ်ခလျှော့ချလာနိုင်သလို အပြောင်းအရွှေ့စရိတ်လည်း ရရှိလာပါဦးမယ်။