ဂရက်ဇ်မန်းနေရာတွင် ဆက်ခံရန် တောင်ကိုရီးယားစတားလီကန်အင်းကို အက်သလက်တီကို ခေါ်ယူလာ
=====================
အက်သလက်တီကိုမက်ဒရစ်ဟာ ပီအက်စ်ဂျီမှ တောင်ကိုရီးယားလက်ရွေးစင်စတာလီကန်အင်းကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
ပီအက်စ်ဂျီနှင့်အတူ ချန်ပီယံလိဂ် ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ လီကန်အင်းဟာ အက်သလက်တီကိုနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုလာခဲ့တာ ဖြစ်ပြီး အန်တိုနီဂရက်ဇ်မန်းဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားလာပါမယ်။
အသက် ၂၅ နှစ်ရှိ အလယ်တန်းကစားသမားဟာ ပြင်သစ်တွင် ပီအက်စ်ဂျီနှင့်အတူ အောင်မြင်မှုများ ရယူပြီးနောက် ကစားသမားဘဝ စတင်ရာ စပိန်တွင် ပြန်လည်ခြေချလာတာလည်း ဖြစ်ပါတယ်။
အလယ်တန်းတိုက်စစ်နေရာအပြင် တောင်ပံနှစ်ဖက်တွင်လည်း ကစားနိုင်စွမ်းရှိတဲ့ လီကန်အင်းဟာ အသက် ၁၀ နှစ်အရွယ်ကတည်းက ဗလင်စီယာအကယ်ဒမီသို့ ရောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဗလင်စီယာပထမအသင်းအတွက် ကစားခွင့် ရရှိခဲ့ကာ ၆၂ ပွဲကစားပေးခဲ့ပါတယ်။
သူဟာ မာယော့ကာသို့ ရောက်ချိန်တွင် ဆက်တိုက်ကစားခွင့် ရရှိခဲ့ကာ ၇၃ ပွဲအထိ ကစားခွင့်ရခဲ့ပြီး လာလီဂါရဲ့ ဖန်တီးမှုအကောင်းဆုံးကစားသမားများထဲမှ တစ်ဦး ဖြစ်ခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်မှာတော့ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ကစားခွင့်ရခဲ့ကာ ပြည်တွင်းဆုဖလားများအပြင် ချန်ပီယံလိဂ်ဖလားကိုလည်း ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ နိုင်ငံအသင်းအဆင့်တွင် ၂၀၁၉ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဘောလုံးဆု ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ၂၀၂၃ ခုနှစ် အာရှဖလားလည်း ဆွတ်ခူးထားပါတယ်။
သူဟာ တောင်ကိုရီးယားအတွက် ပွဲ ၅၀ အထိ ကစားခွင့်ရထားပြီး ဖြစ်ပါတယ်။