ဆဲလ်တစ်မှ ဂျပန်တိုက်စစ်မှူးမာအီဒါကို ပရီးမီးယားလိဂ်တန်းတက်အစ္စဝှစ်ချ်ခေါ်ယူ
===================
အစ္စဝှစ်ချ်ဟာ ဆဲလ်တစ်မှ ဂျပန်တိုက်စစ်မှူးဒိုင်ဇန်မာအီဒါကို ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
ပရီးမီးယားလိဂ်တန်းတက်ဟာ အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးအတွက် ပေါင် ၁၀ သန်းဝန်းကျင်အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ မာအီဒါဟာ ဂျပန်အား ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၃၂ သင်း ရှုံးထွက်အဆင့်သို့အထိ တက်ရောက်အောင် ကူညီခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဆဲလ်တစ်အတွက် ၂၁၂ ပွဲကစားခဲ့ရာမှာ ၇၉ ဂိုးသွင်းယူပေးခဲ့ပြီး အမှတ်ပေးဖလား ၅ ကြိမ်၊ ရှုံးထွက်ဖလား ၃ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
မာအီဒါက "ပရီးမီးယားလိဂ်မှာ ကစားဖို့ အမြဲတမ်း အိပ်မက်မက်လာခဲ့တာပါ။ ပြီးတော့ ဒီကလပ်သို့ ပြောင်းပြီး အိပ်မက်ဖြစ်မြောက်လာလို့ အရမ်းဝမ်းသာပါတယ်။ ကလပ်နဲ့ စကားပြောရတာ အားလုံးကို သဘောကျခဲ့တယ်။ ကျွန်တော့်ကို အရမ်းကြိုဆိုနေတယ်လို့ ခံစားရတယ်။ ကျွန်တော်ကတော့ အစွမ်းကုန်တိုက်ပွဲဝင်ပြီး ဂိုးသွင်းမယ်၊ ကစားဖော်တွေအတွက် ဖန်တီးပေးပါမယ်။ အချိန်ပြည့်ပြေးလွှားပြီး ကိုယ်စွမ်းရှိသမျှ ကြိုးစားပေးသွားမယ်"လို့ ပြောကြားသွားပါတယ်။
အစ္ဝှစ်ချ်ဟာ ယခုနွေရာသီတွင် အငှားဖြင့် လာရောက်ကစားခဲ့တဲ့ မာအီဒါမတိုင်မီ ဒီဒရစ်ကီပရီ၊ ချူဘာအက်ခ်ပွမ်တို့ကို အပြီးသတ် ခေါ်ယူထားသလို အစ်ဆာဒီယော့ပ်၊ အက်ဒူလ်ဖာတာဝီ၊ အီမာဆင်၊ ကေနီဗန်အိုဗီလန်တို့ကိုလည်း ခေါ်ယူထားပါတယ်။