3 နာရီ - ဘာသာပြန်ပါ။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်
အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချရန် တိုက်တွန်း

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာအာကာသနည်းပညာဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ ကောလိပ်များ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် MAH-1 Earth Remote Sensing (ERS) ဂြိုဟ်တုပုံစံငယ်၊ MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေးစနစ်၊ ကမ္ဘာမြေအဝေးမှအာရုံခံနည်းပညာ အသုံးချစနစ်နှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သုံးဖက်မြင်မြေပုံအချက်အလက်များကို လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းအပြင် ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ်၊ အာကာသနည်းပညာ၌ ဉာဏ်ရည်တုနည်းပညာအသုံးပြုမှု၊ အဆင့်မြင့်စက်ရုပ်စနစ်၊ နေအာရုံခံကိရိယာ၊ ဂြိုဟ်တုရွေ့လျားမှုထိန်းချုပ်ရေးစနစ်၊ အာကာသရာသီဥတုနှင့် အာကာသအခြေအနေ စောင့်ကြည့်လေ့လာရေးစနစ်၊ ကမ္ဘာအနီးအာကာသအန္တရာယ် အလိုအလျောက်ကြိုတင်သတိပေးစနစ်တို့ကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတက “MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC)” ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က မြန်မာတစ်နိုင်ငံလုံး၏ သုံးဖက်မြင်မြေပုံအချက်အလက်များကို နိုင်ငံတော်သမ္မတထံ အပ်နှံတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းတည်ထောင်ပြီး နည်းပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာခြင်းသည် နိုင်ငံတော်၏ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် နိုင်ငံအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မြေပြင်အခြေအနေပြောင်းလဲမှု၊ မီးတောင်ပေါက်ကွဲမှုနှင့် ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်များကို ဂြိုဟ်တုနည်းပညာဖြင့် အသေးစိတ်လေ့လာနိုင်ကြောင်း ပြောကြားခဲ့သည်။

image