သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးရန် လျာထားဧကပြည့်မီစွာ ဆည်ရေပေးဝေမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် လျာထားဧကပြည့်မီစွာ ဆည်ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် ဇူလိုင် ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ရေပမာဏ ၁,၄၅၀,၀၀၀ ဧကပေ ပေးဝေရန် လျာထားပြီး မိုးစပါးအတွက် ရေလုံလောက်စွာ ပေးဝေနိုင်မည့်အပြင် လာမည့်နွေသီးနှံများအတွက်ပါ စိုက်ပျိုးရေ တစ်စိတ်တစ်ပိုင်း သိုလှောင်ထားရှိနိုင်မည်ဖြစ်သည်။
၂၀၀၁ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သော သဖန်းဆိပ်ရေလှောင်တမံအလျားသည် ၂၂၅၈၇ ပေရှိပြီး အဓိကမြောင်းမကြီး လေးမြောင်းမှတစ်ဆင့် ခရိုင် ၅ ခု၊ မြို့နယ် ၉ ခုရှိ စိုက်ပျိုးမြေဧက ၅ သိန်းနီးပါးကို နှစ်စဉ် စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး၊ မြောင်းအဆုံးရှိ ရွှေဘိုမြို့ မဟာနန္ဒာကန်တော်သို့လည်း မြို့လူထု ၈ သောင်းကျော်အတွက် နေ့စဉ် ရေဂါလန် ၂၂ သိန်းခန့် သောက်သုံးရေ ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။