3 ရက် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းရှိ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဒုတိယသမ္မတ ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အဆင့်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို မှာကြားခဲ့သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယကျန်းမာရေးနှင့် အပန်းဖြေအနားယူနိုင်ရေးအတွက် တည်ဆောက်နေသည့် Recreation Centre နှင့် တက္ကသိုလ်ပတ်လမ်းဆောက်လုပ်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် Recreation Centre ကို ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသည့် အပန်းဖြေနေရာတစ်ခုအဖြစ် ဖော်ဆောင်ရန်နှင့် အားကစား၊ အပန်းဖြေ အထောက်အကူပြုပစ္စည်းများကို လိုအပ်ချက်နှင့်အညီ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ဒဂုံတက္ကသိုလ်၌ ပတ္တမြားအဝိုင်း၊ ဘောလုံးကွင်း ပြန်လည်မွမ်းမံတည်ဆောက်နေမှုနှင့် ကျောင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ အားကစားလှုပ်ရှားမှုများတွင် လွတ်လပ်စွာပါဝင်နိုင်ရေးအတွက် အားကစားကွင်းများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုရန်လည်း တိုက်တွန်းခဲ့သည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းပတ်လမ်းတိုးချဲ့ရေးနှင့် ခြံစည်းရိုးကာရံရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

image