ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကျောင်းများ နိုင်ငံတော်အစိုးရ၊ လွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကျောင်းများအနေဖြင့် နိုင်ငံတော်အစိုးရ၊ လွှတ်တော်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဇူလိုင် ၂၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်၌ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ကို လာရောက်လေ့လာသည့် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးခင်ရီက ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေ (၉) ခုကို ခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိ လေ့လာသုံးသပ်လျက်ရှိပြီး လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများကို အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးကဏ္ဍဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာ သင်ယူနိုင်ရေးနှင့် ကျောင်းပြင်ပရောက်နေသူများ ပညာဆက်လက်သင်ယူနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ပုဂ္ဂလိကကျောင်းများသည် ပညာရေးကဏ္ဍ မြှင့်တင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ယင်းကြောင့် ပြည်သူ့လွှတ်တော်တွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပညာရေးမြှင့်တင်မှုကော်မတီကို ဖွဲ့စည်းထားကြောင်းလည်း ဦးခင်ရီက ပြောကြားခဲ့သည်။

image