ဂွါဒီယိုလာကို ခန့်အပ်ရေး ဆွေးနွေးနေကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် အတည်ပြုလာ
===================
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂျီယိုဗန်နီမာလာဂိုက အီတလီနည်းပြရာထူးအတွက် ပက်ဂွါဒီယိုလာနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း အတည်ပြုလာပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအား ၁၀ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူပေးပြီးနောက် ထွက်ခွာလာသူ ဖြစ်ပါတယ်။
အီတလီဟာ ဧပြီလတုန်းက ၃ ကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲကျကာ ဂန်နာရိုဂတ်တူဆို ရာထူးမှ နုတ်ထွက်သွားပြီးနောက် နည်းပြလက်မဲ့ ဖြစ်နေပါတယ်။
Sky Italian က အီတလီဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများဟာ တနင်္လာနေ့တုန်းက အသက် ၅၅ နှစ်ရှိ ဂွါဒီယိုလာနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြလာပါတယ်။
ယခုအခါ မာလာဂိုကိုယ်တိုင်ကလည်း စပိန်လူမျိုးနည်းပြနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ သူ့အတွက် လုပ်ခမှာ ခြွင်းချက်ဖြစ်လာနိုင်ကြောင်း ဆိုထားပါတယ်။
Cronache di Spogliatoio (Dressing Room Chronicles) နှင့် အင်တာဗျူးတွင် ဂွါဒီယိုလာအား ခန့်အပ်လာမည်ဆိုပါက နည်းပြအတွက် လုပ်ခကန့်သတ်ချက်အား တိုးမြှင့်လာနိုင်သလားလို့ မေးမြန်းလာချိန်တွင် မာလာဂိုက "ဟုတ်ပါတယ်။ အကြောင်းပြချက်တွေကြောင့် ခြွင်းချက်ဖြစ်လာပါမယ်။ အသေးစိတ်တော့ မပြောတော့ပါဘူး။ ဒါပေမဲ့ ဒီခန့်အပ်မှု ဖြစ်လာမယ်လို့လည်း အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ဒါက လုပ်သင့်လုပ်ထိုက်တာ ဖြစ်နေပါတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အရေးကြီးတယ်။ ပြီးရင် ရှင်သန်အောင် လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာ ဘရက်စီယာတွင် ၂ ရာသီ၊ ရိုးမားတွင် ၁ ရာသီ ကစားသမားအဖြစ် ကျင်လည်ဖူးရာ အီတလီစကားကောင်းမွန်စွာ ပြောဆိုနိုင်ပါတယ်။
ဒါ့အပြင် အီတလီမီဒီယာများရဲ့ဖော်ပြမှုအရ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ဂွါဒီယိုလာအား ခန့်အပ်ရေး အဆင်မပြေပါက ယူရို ၂၀၂၀ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ နည်းပြဟောင်းရောဘတ်တိုမန်စီနီနှင့် အင်ဒရေပီယာလိုတို့ကိုလည်း ခန့်အပ်ရန် လျာထားသေးကြောင်း သိရပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြအတွက် လုပ်ခအသုံးစရိတ်ကန့်သတ်ချက်များ ရှိနေတာ ဖြစ်ပြီး ဂွါဒီယိုလာအား ခန့်အပ်ရမည်ဆိုပါက ကလပ်များကလည်း လုပ်ခကို အချိုးကျ ကျခံလာရမှာ ဖြစ်ကြောင်း သိရပါတယ်။