ဂါနာတောင်ပံကစားသမားဖာတာဝူကို ပေါင်သန်း ၂၀ ဖြင့် ပရီးမီးယားလိဂ်တန်းတက် အစ္စဝှစ်ချ်ခေါ်ယူအားဖြည့်လာ
=====================

ပရီးမီးယားလိဂ်တန်းတက်အစ္စဝှစ်ချ်တောင်းဟာ လက်စတာစီးတီးမှ ဂါနာတောင်ပံကစားသမားအက်ဒူဖာတာဝူကို ပေါင်သန်း ၂၀ဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၂ နှစ်ရှိ တောင်ပံကစားသမားဟာ ၂၀၂၃ ခုနှစ်တွင် လက်စတာသို့ စပို့တင်းမှ ရောက်လာပြီးနောက် ပွဲ ၁၀၀ ကစားခဲ့ရာမှာ ၁၆ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး အစ္စဝှစ်ချ်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းလာပါတယ်။
အစ္စဝှစ်ချ်ဟာ ဥရောပကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ အသက် ၂၄ နှစ်အရွယ်ရှိ တောင်ပံကစားသမားဂျာဒန်ဖီလိုဂီနီကို ထွက်ခွာခွင့် ပြုလိုက်ပြီးနောက် ဖာတာဝူကို ခေါ်ယူလာတာပါ။
ဖီလိုဂီနီကို ဘိုလော့ဂ်နာ၊ ရိုးမား၊ ဘင်ဖီကာတို့က စိတ်ဝင်စားနေပြီး အစ္စဝှစ်ချ်အနေဖြင့် သက်တောင့်တဲ့ ပြောင်းရွှေ့ကြေး ရရှိလာပါက ရောင်းချလာပါမယ်။
အစ္စဝှစ်ချ်ဟာ နွေရာသီအစောပိုင်းတုန်းက တူးလော့စ်မှ တိုက်စစ်မှူးအီမာဆင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းဖြင့်လည်းကောင်း၊ အငှားဖြင့် လာရောက်ကစားခဲ့တဲ့ စီဒရစ်ကီပရီ၊ ချူဘီအက်ခ်ပွမ်၊ ကေနီဗန်အိုဗီလင်တို့ကို အပြီးသတ်ခေါ်ယူမှု ပြုလုပ်ပြီးနောက် ပဥ္စမြောက်ခေါ်ယူမှုအဖြစ် ဖာတာဝူကို ခေါ်ယူလာတာပါ။
ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံရှစ်တွင် အဆင့် ၂ နေရာမှာ ရပ်တည်ကာ တန်းတက်လာတဲ့ အစ္စဝှစ်ချ်ဟာ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဆန်းဒါးလန်းကို ဧည့်ခံကစားရပါမယ်။

image