ချဲလ်ဆီးတောင်ပံကစားသမားဂါနာချိုအား ခေါ်ယူရန် ဗီလာ ဆွေးနွေးနေ
====================
အက်စတွန်ဗီလာဟာ အလီဂျန်ဒရိုဂါနာချိုအား အပြီးသတ်ခေါ်ယူမဲ့အချက်ဖြင့် အငှားဖြင့် ခေါ်ယူရေး ချဲလ်ဆီးနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကာ တိုးတက်မှုများ ရှိနေပါတယ်။
ချဲလ်ဆီးဟာ အသက် ၂၁ နှစ်ရှိ အာဂျင်တီးနားတောင်ပံကစားသမားကို ပေါင် ၄၃ သန်းဖြင့် ရောင်းချရန် အရောင်းစာရင်းတင်ထားပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးဟာ အငှားချပြီး အပြီးသတ်ရောင်းချရန်လည်း တံခါးဖွင့်ပေးထားပါတယ်။
ချဲလ်ဆီးဟာ အင်္ဂါနေ့ညတုန်းက ဗီလာမှ အင်္ဂလန်အလယ်တန်းကစားသမားမော်ဂန်ရော်ဂျာကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် ဝယ်ယူလိုက်ပြီးနောက် ဂါနာချိုကို ပြန်လည်ရောင်းချရန် လုပ်ဆောင်လာတာပါ။
တကယ်လို့များ ဂါနာချိုရဲ့အပြောင်းအရွှေ့ ဖြစ်မြောက်လာက ယခုနွေရာသီတွင် ဗီလာခေါ်ယူလာတဲ့ စတုတ္ထမြောက်ကစားသမား ဖြစ်လာပါမယ်။
ဗီလာဟာ ဂျိုဟန်မန်ဇမ်ဘီ၊ ဂျာအိုဂိုမက်စ်၊ မိုဒူးကီဘာဆစ်စီတို့အား ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဗီလာဟာ ယခုနွေတွင် ယူရီတီလီမန်းစ်၊ ဒွန်ရဲလ်မာလန်၊ အန်ဇိုဘာရီနီချီယာ၊ လီဝစ်ဒေါ့ဘင်တို့အား ရောင်းချကာ ပေါင်သန်း ၂၀၀ နီးပါး ရရှိထားပြီး ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ဂါနာချိုအား ယူနိုက်တက်မှ ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချဲလ်ဆီးရဲ့ ဂါနာချိုအား ထပ်ဆင့်ရောင်းချမှုမှ ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းကို ခံစားခွင့် ရရှိလာပါဦးမယ်။