5 ရက် - ဘာသာပြန်ပါ။

ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် ဆိုလာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်များ စိတ်ဝင်စား

ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်တွင် နေရောင်ခြည်စွမ်းအင် (ဆိုလာ) စီမံကိန်းများ အကောင်အထည်ဖော် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု မြင့်တက်လာနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၏ ပြောကြားချက်အရ လုပ်ငန်းရှင်များအနေဖြင့် မိတ္ထီလာ၊ သာစည်၊ နေပြည်တော်နှင့် တပ်ကုန်းအနီးတစ်ဝိုက်တို့တွင် ဆိုလာစီမံကိန်းများ ရင်းနှီးမြှုပ်နှံရန် အဓိကစိတ်ဝင်စားနေကြကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-ပြည်လမ်းတစ်လျှောက်တွင် မဟာဓာတ်အားလိုင်း တည်ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံလိုသူ နည်းပါးနေသဖြင့် တောင်တွင်းကြီး၊ အောင်လံ၊ ရွှေတောင်၊ အုတ်ဖို၊ မြန်အောင်၊ မင်းလှနှင့် မြောင်းတကာဒေသများတွင်လည်း ဆိုလာစီမံကိန်းများ တိုးချဲ့အကောင်အထည်ဖော်ရန် ဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။
“အဲ့ဒီနေရာတွေလည်း မျှပြီးလုပ်ပါ။ အဲဒီဒေသက လူတွေက ပိုပြီးတော့တောင် လျှပ်စစ်လိုအပ်နေသေးတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ထို့အပြင် နိုင်ငံအတွင်း မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် ဒေသများတွင်လည်း လုပ်ငန်းရှင်များအနေဖြင့် တစ်ပိုင်တစ်နိုင် ဆိုလာစနစ်များ တည်ဆောက်ခြင်း သို့မဟုတ် ဒေသတွင်း ဓာတ်အားလိုင်းများသို့ ချိတ်ဆက်ဖြန့်ဖြူးခြင်းတို့ဖြင့် ရင်းနှီးမြှုပ်နှံနိုင်ကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ နှစ်ရုံနှင့် နေရောင်ခြည်စွမ်းအင်သုံး (ဆိုလာ) စက်ရုံ ၁၂ ရုံတို့မှ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်လျက်ရှိပြီး ဆိုလာစွမ်းအင်မှ ထုတ်လုပ်သည့် ဓာတ်အားပမာဏမှာ စုစုပေါင်း၏ ၄ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။

image