သမိုင်းဝင်ဟာလန်းဘောလုံးအပါအဝင် ဂွါဒီယိုလာရဲ့ရုံးခန်းမှ အမှတ်တရပစ္စည်းများကို လေလံတင် ရောင်းချလာမယ့် မန်စီးတီး
=====================
မန်စီးတီးဟာ ဂန္ထဝင်နည်းပြပက်ဂွါဒီယိုလာ ထွက်ခွာသွားပြီးနောက် ရုံးခန်းတွင် ကျန်ရှိခဲ့တဲ့ ပစ္စည်းများအား လေလံတင် ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
ပက်ဂွါဒီယိုလာဟာ ၂၀၂၅-၂၆ ရာသီအကုန်တွင် မန်စီးတီးနည်းပြရာထူးမှ ထွက်ခွာလာခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၅၅ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ မန်စီးတီးတွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း ဆုဖလားအားလုံး ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နွေရာသီမှာတော့ မန်စီးတီးနှင့် တစ်နှစ်ကျန် စာချုပ်ကျန်ရှိနေသေးပေမဲ့လည်း ထွက်ခွာရန် ရွေးချယ်ခဲ့ပါတယ်။
ယခုအခါ မန်စီးတီးဟာ ဂွါဒီယိုလာရဲ့ရုံးခန်းအတွင်းရှိ ပစ္စည်းများကို ရောင်းချပြီး အကျိုးအမြတ် ရရှိအောင် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
ကလပ်က အသင်းဝက်ဘ်ဆိုက်မှ တဆင့် ဝီစီ၊ ရေမွှေးပုလင်းများအပါအဝင် ပစ္စည်းများကို လေလံတင်ရောင်းချလာပါတယ်။
မန်စီးတီးဟာ လေလံစတင်ဖွင့်လှစ်နေပြီ ဖြစ်ပြီး လေလံကာလ ၅ ရက်သတ်မှတ်ထားကာ ပရိသတ်များက လိုချင်တဲ့ ပစ္စည်းများအား လေလံစတင်ကြေးပေးနေကြပြီလည်း ဖြစ်ပါတယ်။
လေလံပစ္စည်းစာရင်းတွင် ရုံးခန်းမီးအိမ်၊ ထိုင်ခုံတို့လည်း ပါဝင်ပါတယ်။ ဂွါဒီယိုလာရဲ့ရုံးခန်းမှ စားပွဲ၊ ဆိုဖာ၊ အဝတ်အစားချိတ်တန်းတို့ကလွဲပြီး ကျန်တဲ့ ပစ္စည်းအားလုံးကို လေလံတင်လာတာပါ။
မန်စီးတီးဟာ ဂွါဒီယိုလာနေရာတွင် လက်ထောက်နည်းပြဟောင်းအန်ဇိုမာရက်စ်ကာအား နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ထားပြီး ဖြစ်ပါတယ်။
အီတလီလူမျိုးနည်းပြဟာ ဂွါဒီယိုလာရဲ့လက်အောက်တွင် ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။