ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပေါင် ၁၈ သန်းတန်ဖိုးရှိ အသင်းအင်္ကျီအတုများကို ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးသိမ်းဆည်း
======================

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဗြိတိန်တလွှား ပေါင် ၁၈ သန်းကျော် တန်ဖိုးရှိ အင်္ကျီအတုများ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် လက်ရွေးစင်အသင်းအင်္ကျီများ၊ ဝတ်စုံများ ရောင်းအားမြှင်တက်ခဲ့သလို အင်္ကျီတုရောင်းချမှုကလည်း အလွန်မြင့်မားခဲ့ပါတယ်။
ဒါပေမဲ့ အင်္ကျီအတုများမှာ အလွန်မီးလောင်လွယ်ကာ အလွန်အန္တရာယ်ရှိနေမှုနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးသိမ်းဆည်းမှုများပြုလုပ်ခဲ့တာပါလည်း ဖြစ်ပါတယ်။
Police Intellectual Crime Unit ဟာ ဗြိတိန်တလွှား ပစ္စည်းများကို ပစ်မှတ်ထား ဖမ်းဆီးတဲ့ Operation Bloxwich စစ်ဆေးရေးရဲ့အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဘောလုံးအမှတ်တရပစ္စည်းပေါင် ၂၂၀၀၀၀ ကျော်တို့ကို ဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။
ဘာမင်ဂမ်ရဲ့ ဂိုထောင်တစ်ခုအား ဝင်ရောက် စီးနင်းရှာဖွေရာတွင် ပြင်သစ်ရဲ့ ကိုင်လီယန်ဘက်ပေး၊ နော်ဝေရဲ့ အာလင်းဟာလန်းတို့ကဲ့သို့ စူပါစတားအမည်ပါ အင်္ကျီတု ၁၆၁၈ ထည် သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ယင်းစစ်ဆင်းရေးတွင် ပါဝင်ခဲ့တဲ့ City of London Police မှ စုံထောက်ဆာဂျင်ဂျေမီကတ်က "လူတွေ ဒီအင်္ကျီတွေကို ဘာလို့ ဝယ်ချင်ကြသလဲဆိုတာ နားလည်ပါတယ်။ လူတွေ ဘောလုံးကို ချစ်သလို ဈေးနှုန်းကလည်း အရမ်းသက်သာလို့ပါ။ ဒါပေမဲ့ ဒီအင်္ကျီတွေက သတ်မှတ်အရည်အချင်း မပြည့်မီပါဘူး။ အရမ်းမီးလောင်လွယ်နိုင်တယ်။ ပြီးတော့ သူတို့မှာ အသုံးပြုထားတဲ့ ဆိုးဆေးတွေကလည်း အရေပြားကို ဒုက္ခပေးနိုင်တယ်။ အထူးသဖြင့် ကလေးငယ်တွေကိုပေါ့။ ဈေးနှုန်းကသက်သာနေတော့ အရမ်းဆွဲဆောင်မှု ရှိနေတယ်။ ဒါပေမဲ့ ဒါတွေက ခင်ဗျားကို ထိခိုက်စေနိုင်တယ်။ တဖက်မှာ ဒါတွေကို လုပ်တဲ့သူတွေက အကျိုးအမြတ် အများကြီး ရတယ်"လို့ ပြောကြားသွားပါတယ်။
Cheshire Fire and Rescue Service ဟာ အင်္ကျီတုများအား အင်္ကျီအစစ်များနှင့်နှိုင်းယှဉ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် အင်္ကျီတုများမှာ မီးလောင်လွယ်ကြောင်း တွေ့ရှိရပါတယ်။
အင်္ကျီတုများကို ဝက်ဘ်ဆိုက်အမြောက်အမြားတို့မှာ ၁၂ ပေါင်တည်းဖြင့် ဝယ်ယူနိုင်ပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းရဲ့ အင်္ကျီကို ၈၅ ပေါင်ဖြင့် စတင် ရောင်းချနေရာ ဈေးနှုန်းကွာဟချက် အလွန်များပြားနေပါတယ်။

image