နည်းပြသစ်အဖြစ် ဂွါဒီယိုလာအား ခန့်အပ်ရန် အီတလီဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမှုများ ပြုလုပ်လာ
====================
ပက်ဂွါဒီယိုလာဟာ စပိန်၊ ဂျာမနီ၊ အင်္ဂလန်တို့တွင် ကလပ်အသင်းနည်းပြအဖြစ် ကြီးမားတဲ့အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခု အီတလီအသင်းကိုကော အောင်မြင်မှု ရယူလာနိုင်အောင် စွမ်းဆောင်လာဦးမလား စောင့်ကြည့်ရပါတော့မယ်။
Sky Italian ရဲ့ဖော်ပြလာမှုအရ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ မန်စီးတီးနည်းပြဟောင်းအား နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာသစ်ပေါ်လိုမာလ်ဒီနီ၊ သူ့အကြံပေးလီယိုနာဒိုတို့ဟာ ဘာစီလိုနာသို့ သွားရောက်ကာ ဂွါဒီယိုလာနှင့် သုံးရက်တိုင်တိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပြသစ်ရာထူးအတွက် လျာထားစာရင်းတွင် နည်းပြဟောင်းရောဘတ်တိုမန်စီနီနှင့် အင်ဒရေပီယာလိုတို့လည်း ပါဝင်ပါတယ်။
တကယ်လို့များ ဂွါဒီယိုလာသာ ခန့်အပ်ခြင်းခံလာရပါက ၁၉၆၀ ခုနှစ်များ နောက်ပိုင်းတွင် အီတလီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရတဲ့ ပထမဆုံးနိုင်ငံခြားသား ဖြစ်လာပါမယ်။
ဂွါဒီယိုလာဟာ မေလတုန်းက မန်စီးတီးနည်းပြအဖြစ် ၁၀ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် ထွက်ခွာလာသူ ဖြစ်ပါတယ်။
သူဟာ အီတလီတွင် နည်းပြအဖြစ် ကျင်လည်ခဲ့ဖူးခြင်း မရှိပေမဲ့ ကစားသမားဘဝတုန်းက အီတလီမှာ ကစားခဲ့ဖူးပါတယ်။
အသက် ၅၅ နှစ်ရှိ ဂွါဒီယိုလာဟာ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်းတွင် ဘရက်စီယာတွင် ၂ ရာသီနှင့် ရိုးမားတွင် ၁ ရာသီကစားခဲ့ဖူးကာ အီတလီစကား ကောင်းစွာ ပြောဆိုနိုင်ပါတယ်။
အီတလီဟာ ၂၀၂၁ ခုနှစ် ယူရိုဗိုလ်လုပွဲတွင် အင်္ဂလန်ကို အနိုင်ရကာ ချန်ပီယံ ဖြစ်ခဲ့ပေမဲ့လည်း နောက်ဆုံး ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ခြေစစ်ပွဲ ကျထားပါတယ်။
ဂန်နာရိုဂတ်တူဆိုဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဘော့စနီးယားကို ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ကာ ခြေစစ်ပွဲကျပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။
တဖက်တွင် တကယ်လို့များ ဂွါဒီယိုလာသာ လက်ရွေးစင်အသင်းနည်းပြလောကသို့ ဝင်ရောက်လာမည်ဆိုပါက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း အလျှင်အမြန် ချဉ်းကပ်လာနိုင်ပါတယ်။
အင်္ဂလန်ဟာ တူချယ်ရဲ့ ဦးဆောင်မှုဖြင့် ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကြီးမားဆုံးအောင်မြင်မှုဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားတွင် တတိယကြေးတံဆိပ်ဆု ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တူချယ်ဟာ အာဂျင်တီးနားကို ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ခံစစ်ပိုင်း လူစားလဲလှယ်မှုများအတွက် အပြင်းအထန်ဝေဖန်ခြင်းခံခဲ့ရပါတယ်။
အသက် ၅၂ နှစ်ရှိ တူချယ်ဟာ ဖေဖော်ဝါရီလကမှ အင်္ဂလန်အသင်းကို ယူရို ၂၀၂၈ ပြိုင်ပွဲအထိ ဦးဆောင်မဲ့ ၂ နှစ်စာချုပ်အား သက်တမ်းတိုးချုပ်ဆိုထားသူ ဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဂါရတ်ဆောက်ဂိတ် ထွက်ခွာသွားပြီးနောက် တူချယ်အား နည်းပြသစ်အဖြစ် မခန့်အပ်မီ ဂွါဒီယိုလာအား ခန့်အပ်ရေး နှုတ်အားဖြင့် အကြိုသဘောတူညီမှု ရယူခဲ့ဖူးကြောင်းလည်း သတင်းထွက်ခဲ့ဖူးပါတယ်။