7 EA အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပြန်လည်သုံးသပ်ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီးစိုင်းငင်း ပြော

7 EA အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပြန်လည်သုံးသပ်ဆွေးနွေးမည်ဟု 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
ယနေ့ ဇူလိုင် ၂၀ ရက်နံနက်ပိုင်းကကျင်းပသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ( NCA-S EAOs) 7 EAO Alliance တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
7 EA ဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိအခြေအနေများနှင့်အညီပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သင့်သော အဖွဲ့အစည်းများပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးတို့အားရည်မှန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ဆွေးနွေးသွားမည်ဟု ပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လနှင့် ယခု ဇူလိုင်လအတွင်း အစိုးရသစ်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NSPNC ၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များသည် ထင်ထားသည်ထက်ပိုမိုဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရပြီး 7 EA နှင့်စုပေါင်းတွေ့ဆုံဆွေးနွေးခြင်း၊ 7 EA အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းအလိုက် Bilateral တွေ့ဆုံ ဆွေးနွေးခြင်း၊ အခြား EAOs များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းတို့သည် ဆွေးနွေးခြင်းလုပ်ငန်းစဉ် တိုးတက်မှုကိုပြသရာရောက်ကာ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းကို အလေးထားခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ ယခု ဆွေးနွေးပွဲမှရလဒ်ကောင်းများကို နှစ်ဖက်ခေါင်းဆောင်များက ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟုယုံကြည်သည်ဟုလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့သည်။

image