သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည်သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ၊ မန္တလေးငလျင်ဘေး ဖြစ်ပွားစဉ်အတွင်း ဝန်ကြီးဌာနနှင့် UNOCHA တို့၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာပေးအပ်နိုင်ရေး၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် AHA Centre နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA တို့အကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီမှုစာလွှာ (Letter of Agreement – LoA) ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မိုးခေါင်ရေရှားမှုစသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကို မကြာခဏ ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
အထူးသဖြင့် ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၂၃ ခုနှစ် မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်တို့သည် လူအသေအပျောက်၊ အိုးအိမ်ပျက်စီးမှုနှင့် အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ကြောင်း သိရသည်။