ပြင်သစ်အသင်းခေါင်းဆောင် ဘာပေ ကမ္ဘာ့ဖလားသမိုင်းတွင် ရွှေဖိနပ်ဆု နှစ်ကြိမ်ဆက်တိုက် ရရှိသည့် ပထမဆုံးကစားသမားဖြစ်လာ

ပြင်သစ်အမျိုးသားဘောလုံးအသင်း၏ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကီလီယန် ဘာပေ (Kylian Mbappé) သည် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး ၁၀ ဂိုးဖြင့် ရွှေဖိနပ်ဆု (Golden Boot) ကို ဆွတ်ခူးရရှိခဲ့ပြီး၊ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၎င်းဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိသည့် ပထမဆုံးသော ကစားသမားအဖြစ် ကမ္ဘာ့ဘောလုံးသမိုင်းတွင် စံချိန်သစ်တင်လိုက်ပြီ ဖြစ်သည်။
ဇူလိုင် ၁၈ ရက်က ကစားခဲ့သည့် အင်္ဂလန်အသင်းနှင့် တတိယနေရာလုပွဲတွင် ဘာပေသည် ပြင်သစ်အသင်းအတွက် ၂ ဂိုး ထပ်မံသွင်းယူပေးခဲ့ပြီးနောက် စုစုပေါင်း ၁၀ ဂိုးဖြင့် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီ (၈ ဂိုး) ကို ကျော်ဖြတ်ကာ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင် ရွှေဖိနပ်ဆု ရရှိခဲ့ပြီးနောက် ယခု ၂၀၂၆ ပြိုင်ပွဲတွင်လည်း ထပ်မံရရှိခဲ့သဖြင့် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ရွှေဖိနပ်ဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိသည့် ပထမဆုံးနှင့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာသည်။
ထို့ပြင် ဘာပေသည် ကမ္ဘာ့ဖလား သက်တမ်းတစ်လျှောက် စုစုပေါင်း ၂၂ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်၍ လီယွန်နယ် မက်ဆီ (၂၁ ဂိုး) ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းထားသည့် ကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နေပြီးလည်း ဖြစ်သည်။

image