ဖားကန့်မှာ ရေအတက်ကြမ်းလို့ ရပ်ကွက်နဲ့ရွာ ၁၀ ခုထက်မနည်းရေကြီးနေပြီး မြေပြိုလို့ အိမ်တွေပါ ပျက်စီး

ကချင်ပြည်နယ် ၊ ဖားကန့်ဒေသမှာ မိုးသည်းထန်စွာရွာပြီး ဥရုချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက် နဲ့ကျေးရွာ ၁၀ ခုထက်မနည်းရေကြီးနေတဲ့အပြင် မြေပြိုတာ လမ်းတွေကွဲအက်တာတွေအထိ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖားကန့် မရှီကထောင် ၊ ငှက်ပျောတော ၊မြို့မရပ်ကွက် ၊ ကျောက်ဝိုင်း ၊အေးသာယာနဲ့ မှော်ဝမ်း၊ လုံးခင်း၊ နမ္မဖြစ်၊ ဆန်းကြွယ်၊ ဖားပြင် အောက်လမ်း ၊ မမုံစံပြရွာ တွေမှာ ရေကြီးမှုတွေဖြစ်ပွားနေတာ ဖြစ်ကြောင်း ရေတက်တအားမြန်တဲ့အတွက် နေအိမ်အောက်ထပ်တွေ ရေနစ်မြုပ်ပြီး စားစရာတွေနဲ့ ပစ္စည်းတွေလည်း ရေနစ်ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။
ဒီတကြိမ် ဖားကန့်ဒေသရေကြီးမှုဟာ ယခုမိုးတွင်းကာလမှာ ဖြစ်ပွားခဲ့တဲ့ အရင်ရေကြီးမှုတွေထက် အခြေအနေဆိုးတယ်လို့ သိရပါတယ် ။
" ရေအခြေအနေတော်တော်ဆိုးတယ်။လက်ရှိလုံးခင်းလည်း ရေကြီးနေတယ်။အခုတခါရေကြီးတာက ပိုဆိုးတယ်။အခုပြောနေရင်းက ရေကထပ်တက်နေတော့ ခုညအခြေအနေပိုဆိုးဖို့ပဲရှိတယ်။အိမ်တွေမြုပ်နေတာက ဖားကန့် ၊ကျောက်ဝိုင်း ၊ငှက်ပျောတောဘက်ရှိမယ်။ အခုကယ်ဆယ်ရေးလုပ်နေတယ်။ ထမင်းထုတ်နဲ့ ရေသန့်လည်း ဝေနေတယ် ။ " လို့ ရေဘေးကူညီရေးလုပ်နေတဲ့ ဖားကန့်ဒေသအခြေစိုက် လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။
မိုးများပြီး တောင်ကျရကြောင့်ပဲ မှော်ဝမ်းရပ်ကွက်မှာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ်သုံးအိမ်ပါသွားသလို ရပ်ကွက် တောင်ပေါ် လမ်းပိုင်းနေရာတချို့မှာလည်း ကတ္တရာလမ်းမတွေ ကွဲအက်သွားတယ်လို့သိရပါတယ်။
ဒီကနေ့ ညနေပိုင်းအထိ ရေထပ်တက်နေသေး တာကြောင့် အခြေအနေပိုဆိုးလာဖို့ရှိတဲ့အတွက် ရေဘေးသင့်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက ရေဘေးသင့်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်သလို စားစရာနဲ့ သောက်ရေသန့်အပါအဝင် အကူအညီတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ် ။
"တချို့နေရာတွေ ရေတအားကြီးတဲ့နေရာတွေက အကူအညီမပေးနိုင်သေးဘူး ။အခု ကူညီနိုင်တဲ့နေရာတွေကို ထမင်းဗူး သောက်ရေအကူအညီလိုအပ်နေတယ်။ဖားကန့်က တော်တော်များများရေနစ်နေတာ။အခုက မိုးတအားများတယ်။မနေ့က ဒီလောက်မဟုတ်ဘူး ။ ဒီနေ့မှ ရေတအားတက်တာမြန်တာ ။ဒီတခါထူးခြားမှုက အိမ်တွေပြိုတဲ့အထဲပါသွားတာရှိတယ်။" လို့ ရေဘေးကူညီရေးလုပ်နေတဲ့ ဒေသခံက ပြောပါတယ် ။
ဖားကန့်ဒေသမှာ မနေ့က ဇူလိုင် ၁၈ ရက်နေ့ကတည်းက မိုးရွာသွန်းပြီး ဥရုချောင်းရေတက်လို့ ရေဝင်ရောက်မှုရှိပေမယ့် နည်းပြီး ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာမှာ ရေအတက်ကြမ်းပြီး အိမ်တွေနစ်မြုပ်တဲ့အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိ ရေကြီးနစ်မြုပ်နေတဲ့ နေရာတွေထဲက နေရာတချို့မှာ ကူညီကယ်ဆယ်ရေး မလုပ်နိုင်တဲ့နေရာတွေရှိနေသလို ထမင်းထုတ် ၊ရေသန့်တွေ ပေးဝေနိုင်ခြင်း မရှိတဲ့ အခြေအနေတွေ ရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ ယခုမိုးတွင်းကာလမှာတင် ရေကြီးရေလျှံမှုတွေ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီတကြိမ်ရေကြီးမှုကတော့ ရေတက်မြန်တာကြောင့် ပျက်စီးဆုံးရှုံး မှုများပြီး အခြေအနေဆိုးတယ်လို့ သိရပါတယ်။

image