ပြည်လမ်းနှင့် လမ်းသစ်လမ်းတစ်လျှောက် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းဆောင်ရွက်နေ
ရန်ကုန်မြို့ပြအင်္ဂါရပ်များနှင့်အညီ သပ်ရပ်လှပစေရေးနှင့် လမ်းဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အဓိကကျသော လမ်းမကြီးများပေါ်ရှိ ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကေဘယ်လ်ကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၇ ရက်မွန်းလွဲပိုင်းက ပြည်လမ်းနှင့် လမ်းသစ်လမ်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဝန်ကြီးနှင့်အဖွဲ့သည် လမ်းမကြီးများပေါ်ရှိ လျှပ်စစ်ဓာတ်တိုင်များနှင့် ဆက်သွယ်ရေးတိုင်များတွင် ရှုပ်ထွေးပွေလီစွာ သွယ်တန်းထားသည့် ကေဘယ်လ်ကြိုးများ၊ ရုပ်သံလိုင်းကြိုးများနှင့် ရေရှည်အသုံးမပြုတော့ဘဲ စွန့်ပစ်ထားသည့် ကြိုးဟောင်းများကို ဖြတ်တောက်ဖယ်ရှားခြင်းနှင့် စနစ်တကျ ပြန်လည်စိစစ်ရုပ်သိမ်းနေသည့် မြေပြင်လုပ်ငန်းခွင်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာမျိုးသော်က ဆက်သွယ်ရေးကြိုးများ စနစ်တကျ ရှင်းလင်းဖယ်ရှားရာတွင် လမ်းသွားလမ်းလာ ပြည်သူလူထု ဘေးအန္တရာယ်ကင်းရှင်းရေးကို ပထမဦးစားပေးအဆင့်အနေဖြင့် အလေးထားဆောင်ရွက်ရန်နှင့် မြို့ပြအလှအပကို မထိခိုက်စေဘဲ ကြိုးများ စနစ်တကျ သပ်သပ်ရပ်ရပ် ရှိစေရေးတို့အတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ၊ လျှပ်စစ်ဌာနများနှင့် ဆက်သွယ်ရေးအော်ပရေတာများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းကာ ရေရှည်စီမံကိန်းအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။