ကစားသမားဘဝမှ အနားယူလာတဲ့ စကော့တလန်ဂန္ထဝင်ဂေါ်ဒွန်
=====================

စကော့တလန်ဂန္ထဝင်ဂိုးသမားခရစ်ဂေါ်ဒွန်ဟာ စကော့တလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
အသက် ၄၃ နှစ်ရှိ ဂေါ်ဒွန်ဟာ ကစားသမားဘဝ ပထမဆုံးကလပ် Heart of Midlothian တွင် ဒုတိယအကြိမ်မြောက် ကစားခဲ့ပြီး စကော့တလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ပါတယ်။
ဂေါ်ဒွန်က "ဘယ်တုန်းကမှ အဆုံးမသတ်ချင်ခဲ့ပေမဲ့လည်း အဆုံးသတ်လာရပါမယ်။ အိပ်မက်အတိုင်း ရှင်သန်နိုင်ခဲ့တယ်။ ဒီအတွက် အရမ်းကျေးဇူးတင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒေါ်ဒွန်ဟာ Heart of Midlothian တွင် ကစားပြီးနောက် ၂၀၀၇ ခုနှစ်တွင် ဆန်းဒါးလန်းသို့ ထိုစဉ်ကာလတုန်းက ဗြိတိန်ဂိုးသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉ သန်းဖြင့် ပြောင်းခဲ့ပါတယ်။
ဂေါ်ဒွန်ဟာ ၂၀၁၀ ခုနှစ်တုန်းက ဘော်လ်တန်နှင့်ပွဲတွင် ဇက်နိုက်ရဲ့ အနီးကပ်ကန်ချက်အား ကာကွယ်ကာ ပရီးမီးယားလိဂ်သမိုင်းတွင် နာမည်အကြီးဆုံးကာကွယ်မှုများထဲမှ တစ်ခုကို ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဒူးဒဏ်ရာပြဿနာကြောင့် ဆန်းဒါးလန်းတွင် ငါးနှစ်ကြာ ကစားပြီး ထွက်ခွာခဲ့ရကာ ပြန်လည်ထူထောင်ရေး ၂ နှစ်အထိ အချိန်ယူခဲ့ရပါတယ်။
သူဟာ ၂၀၁၄ ခုနှစ်တွင် ဆဲလ်တစ်သို့ ပြောင်းခဲ့ပြီး ပထမဆုံးအမှတ်ပေးဖလား ရယူနိုင်ခဲ့သလို ခြောက်နှစ်တာ ကစားစဉ်အတွင်း နောက်ထပ် ၄ လုံးပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ Hearts သို့ ပြောင်းခဲ့ပေမဲ့လည်း ၂၀၂၂ ခုနှစ်တွင် ခြေနှစ်ဆင့်ကျိုးမှုကြောင့် နောက်ထပ်တစ်ကြိမ် ကာလရှည်နားခဲ့ရပြန်ပါတယ်။
ဒါပေမဲ့ သူဟာ ဘောလုံးပြန်ကစားလာခဲ့ပါသေးတယ်။
သူဟာ ၂၀၀၄ ခုနှစ်တွင် စကော့တလန်အတွက် ပထမဆုံးပွဲ ကစားခွင့် ရပြီးနောက် ၈၄ ပွဲကစားပေးခဲ့သလို ကလပ်ပွဲပေါင်း ၇၆၆ ပွဲကစားခဲ့ပါတယ်။

image