ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ရန်ပုံငွေ "Irrawaddy Invitationals" ရေကူးပြိုင်ပွဲ ကျင်းပမည်

မြန်မာ့လူငယ်ရေကူးအားကစားသမားများကို မြှင့်တင်ပေးရန်နှင့် မျိုးတုန်းအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းကာကွယ်ရေးအတွက် ရည်ရွယ်သည့် "Irrawaddy Invitationals" ရန်ပုံငွေ ရေကူးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်နှင့် ၂ ရက်တို့တွင် သန်လျင်မြို့ရှိ Star City Sports Club (SCSC) Swimming Pool ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ထုတ်ပြန်ထားသည်။
အဆိုပါပြိုင်ပွဲကို Friends of Dolphins အဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်ပြီး၊ ရေကူးအားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းရေးအတွက် အသိပညာပေးခြင်း၊ ရန်ပုံငွေရှာဖွေခြင်းတို့ကို ရည်ရွယ်ထားကြောင်း သိရသည်။
ပြိုင်ပွဲတွင် အသက် ၈ နှစ်နှင့်အောက်၊ ၉ နှစ်မှ ၁၀ နှစ်၊ ၁၁ နှစ်မှ ၁၂ နှစ်၊ ၁၃ နှစ်မှ ၁၄ နှစ်၊ ၁၅ နှစ်မှ ၁၇ နှစ်နှင့် အသက် ၁၈ နှစ်နှင့်အထက် ဟူ၍ အသက်အုပ်စုအလိုက် Freestyle၊ Butterfly၊ Backstroke၊ Breaststroke နှင့် Individual Medley ပြိုင်ပွဲများကို မီတာအကွာအဝေးအလိုက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မှတ်ပုံတင်ကြေး ၅,၀၀၀ ကျပ်ဖြင့် စာရင်းပေးသွင်းနိုင်ပြီး၊ စာရင်းလက်ခံမှုကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငါးအလွန်အကျွံဖမ်းဆီးမှုများနှင့် ရေထုညစ်ညမ်းမှုများကြောင့် မြန်မာနိုင်ငံ၌ ဧရာဝတီလင်းပိုင် အကောင်ရေ ၉၀ ကျော်သာ ကျန်ရှိတော့သဖြင့် ယင်းမျိုးစိတ်ကို ထိန်းသိမ်းကာကွယ်ရန် အများပြည်သူ၏ ပူးပေါင်းပါဝင်မှု လိုအပ်နေကြောင်းလည်း ပြိုင်ပွဲစီစဉ်သူများက တိုက်တွန်းထားသည်။
ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Hotline ဖုန်းနံပါတ် 09 664 308 335 သို့ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

image