မှော်ဘီရှိ ကုန်ထုတ်လုပ်မှု ကွင်းဆက် စိန်ခေါ်မှုများ ကို လျင်မြန်စွာ ညှိနှိုင်းဖြေရှင်းပေးနိုင်မည့် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီး MSME Agency အဖွဲ့ဝင်များနှင့် မှော်ဘီမြို့နယ်ရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲပိုင်းက မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဒေသခံ MSME လုပ်ငန်းရှင်များ အားတက်သရော တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များအတွက် လက်တွေ့ကျသည့် ကဏ္ဍစုံ ပံ့ပိုးမှုများ ပေါ်လွင်စေရန် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ၎င်းတို့အနက် -
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန က စက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ ဖြေလျှော့မှုများ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ကုန်သည်လုပ်ငန်းရှင်များအတွက် အရေးကြီးသည့် ထုတ်ကုန်ဘေးကင်းလုံခြုံရေး၊ ဆေးဝါးနှင့် စားသောက်ကုန် ထောက်ခံချက်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊
စားသုံးသူရေးရာဦးစီးဌာန က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဌာန နှင့် မြန်မာ့စီးပွားရေးဘဏ် တို့မှ တာဝန်ရှိသူများက MSME လုပ်ငန်းများအတွက် သက်သာသော အတိုးနှုန်းဖြင့် ထုတ်ပေးမည့် သီးသန့်ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် အခွန်ဆိုင်ရာ ဖြေလျှော့မှု မူဝါဒများကို ကုန်သည်များ သိရှိစေရန် အကျယ်တဝံ့ ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ကလည်း ခေတ်ပြိုင်စီးပွားရေး အပြောင်းအလဲများကြားတွင် MSME လုပ်ငန်းများ ရေရှည်ရပ်တည်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်မည့် စီမံခန့်ခွဲမှု မဟာဗျူဟာများကို အကြံပြု မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဒေသခံ MSME လုပ်ငန်းရှင်များက မိမိတို့၏ လုပ်ငန်းလည်ပတ်ရာတွင် ကြုံတွေ့နေရသည့် ကုန်ကြမ်း၊ ကုန်ချော လိုအပ်ချက်၊ လုပ်ငန်းလိုင်စင်နှင့် ငွေကြေးအရင်းအနှီးဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ချက်ချင်းပြန်လည် ဖြေရှင်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ ဝန်ကြီး ဒေါက်တာမျိုးသော်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ S