လွှတ်တော် ကတိကဝတ်စိစစ်ရေးကော်မတီနှင့် ဝန်ကြီးဌာန ၆ ခု နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပို့ဆောင်ရေးနှင့် ပြည်ထဲရေးအပါအဝင် ဝန်ကြီးဌာန ၆ ခုမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများ၊ ကတိကဝတ်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြန်လည်ရှင်းလင်းချက်များကို ညှိနှိုင်းအတည်ပြုခဲ့ကြကြောင်း သိရသည်။
ယင်းပြင် ကော်မတီအဖွဲ့ဝင်များသည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ဝန်ကြီးဌာနများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အမျိုးသားလွှတ်တော်ရေးရာဆောင်၌ ပြုလုပ်သည့် ၎င်းအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။