တပ်ကုန်းမြို့နယ်တွင် ယခုစိုက်ပျိုးရာသီအတွင်း ဝါသီနှံ ဧက ၆,၅၀၀ စိုက်ပျိုးရန် လျာထား

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ဝါသီနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန်အတွက် ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါစိုက်ဧက စုစုပေါင်း ၆,၅၀၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါသီးနှံသည် ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍတို့အတွက် အရေးပါသော သီးနှံတစ်ခုဖြစ်သောကြောင့် တစ်ဧကချင်းစီ၏ ပန်းတိုင်ထွက်နှုန်းပြည့်မီစေရန် စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်းကူညီမှုများကို လုပ်ဆောင်နေသည်။
၎င်းပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ တောင်သူများအတွက် ဝါမျိုးစေ့များနှင့် လိုအပ်သော သွင်းအားစုများကို ဝါပတ်စနစ် (အကျိုးတူပူးပေါင်းမှု) ဖြင့် ထောက်ပံ့ပေးထားကြောင်း တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တပ်ကုန်းမြို့နယ်ရှိ တောင်သူများသည် ဝါစိုက်ပျိုးရာ၌ စနစ်တကျရှိစေရန် ဆောင်ရွက်လျက်ရှိပြီး၊ စိုက်ပျိုးရေးဦးစီးဌာနကလည်း ဝါဂွမ်းအရည်အသွေး ကောင်းမွန်စေရန်နှင့် ဖျက်ပိုးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးအကြံပြုမှုများ ပြုလုပ်ပေးလျက်ရှိသည်။
တပ်ကုန်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုမှ ဝါစိုက်တောင်သူတစ်ဦးက "ကျွန်တော်တို့ကတော့ ဝါကာမျိုးကို အဓိကစိုက်ပါတယ်။ စိုက်ပျိုးရေးဌာနဘက်ကလည်း အမြဲတမ်းလိုလို ကွင်းဆင်းပြီး လိုအပ်တာတွေ ကူညီပေးပါတယ်။ တောင်သူတွေအတွက် အဓိက လိုအပ်တာကတော့ ဝါဆွတ်ခူးရောင်းချမယ့်အချိန်မှာ တည်ငြိမ်တဲ့ ဈေးကွက်ရရှိဖို့ပါပဲ" ဟု ပြောကြားသည်။
တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါသီနှံအပြင် အခြားအဓိကသီးနှံ ၁၁ မျိုး၏ ပန်းတိုင်ထွက်နှုန်းပြည့်မီစေရေးအတွက်ပါ စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image