Visit Rwanda နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုလိုက်ပြီးနောက် သတိပေးခြင်းခံလာရတဲ့ အက်စတွန်ဗီလာ
====================

အက်စတွန်ဗီလာဟာ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကို အားကစားဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းရာတွင် အသုံးပြုနေတဲ့ နိုင်ငံတစ်ခုက ပေးလာတဲ့ Visit Rwanda စပွန်ဆာစာချုပ်အတွက် သတိပေးခြင်းခံလာရပါတယ်။
အက်စတွန်ဗီလာဟာ Betano နှင့် လမ်းခွဲလိုက်ပြီးနောက် Visit Rwanda နှင့် တစ်နှစ်လျှင် ပေါင်သန်း ၂၀ တန်ဖိုးရှိ အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
ရဝမ်ဒါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း Visit Rwanda ဟာ ဗီလာရဲ့ အမျိုးသား၊ အမျိုးသမီးနှင့် အကယ်ဒမီအသင်းများရဲ့ အင်္ကျီရင်ဘတ်တွင် နေရာယူလာတော့မှာလည်း ဖြစ်ပါတယ်။
ဗီလာဘက်က Visit Rwanda နှင့် စပွန်ဆာစာချုပ်မှာ ကလပ်သမိုင်းတွင် အလွန်အရေးပါတဲ့ စပွန်ဆာစာချုပ်ဖြစ်ကြောင်း ပြောကြားပေမဲ့လည်း Amnesty International UK ရဲ့ အကြီးအကဲဖီးလစ်ဂျာကင်ကမူ အပြင်းအထန် သတိပေးမှု ပြုလုပ်လာပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံအား နိုင်ငံတကာစာချုပ်များကို ချိုးဖောက်တယ်ဆိုပြီး ရဝမ်ဒါကို International Court of Justice (ICJ) တွင် အမူဖွင့်လှစ်ထားပါတယ်။
၁၉၉၄ ခုနှစ်တုန်းက ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှု အပြီးတွင် ရဝမ်ဒါနိုင်ငံက ၎င်းတို့နယ်မြေအတွင်း တရားမဝင်စစ်ဆင်ရေးများ ပြုလုပ်ရန် တပ်ဖွဲ့များ စေလွှတ်ခဲ့သလို လက်နက်ကိုင်အဖွဲ့အစည်းများကို ကျောထောက်နောက်ခံပေးခဲ့တယ်လို့ ဒီမိုကရက်တစ်ကွန်ဂိုက စွပ်စွဲထားပါတယ်။
ရဝမ်ဒါက ယင်းစွပ်စွဲမှုများကို အကြိမ်ကြိမ် ငြင်းဆိုလာခဲ့ပေမဲ့လည်း UN ကျွမ်းကျင်သူများနှင့် အနောက်တိုင်း အစိုးရများက ရဝမ်ဒါမှာ ဒီမိုရက်တစ်ကွန်ဂို အရှေ့ပိုင်းတွင် အခြေစိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ M23 ကို ထောက်ပံ့ပေးနေတယ်လို့ အကြွင်းမဲ့ယုံကြည်ကြပါတယ်။
ဂျာကင်က "ရဝမ်ဒါတို့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းကို အားကစားကို အသုံးချပြီး ဆေးကြောဖို့ အသုံးချလာတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဗီလာအနေနဲ့ ရဝမ်ဒါဘက်က ဒီမိတ်ဆက်အဖွဲ့အစည်းကို အသုံးချပြီး အပြုသဘောဆောင်တဲ့ ပြည်သူ့ဆက်ဆံရေး ဖန်တီးဖို့ကြိုးစားနေတယ်တာ ကောင်းကောင်း သိသင့်ပါတယ်။ ဒီနိုင်ငံက မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှဉ်ပန်းနှိပ်စက်မှုတွေ၊ လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ထားမှုတွေ၊ ပြီးတော့ ပြည်တွင်းအလွဲသုံးစားမှုတွေနဲ့ ပြည့်နှက်နေတဲ့နိုင်ငံပါ။ ဒီမိုကရက်တစ်နိုင်ငံက သွေးထွက်သံယိုမှုတွေကို ကျွန်တော်တို့ မျက်မြင်တွေ့ခဲ့ရပြီးပါပြီ။ ရဝမ်ဒါက M23 သူပုန်အဖွဲ့ကို ထောက်ပံ့သလို ကွန်ဂိုအရှေ့ပိုင်းက စစ်တပ်နဲ့လည်း တိုက်ရိုက်လုပ်ဆောင်တယ်။ ဒီလုပ်ဆောင်မှု နှစ်ရပ်လုံးက ဒီပဋိပက္ခမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ ရဝမ်ဒါရဲ့အားကစားကို အသုံးချ ဆေးကြောမှုကို ထုတ်ဖော်ပြောဆိုဖို့ လိုနေပါပြီ။ ဒီနေရာမှာ ဗီလာနဲ့ ပရီးမီးယားလိဂ်တို့ကိုလည်း သူတို့ရဲ့ အခန်းကဏ္ဍက ပါဝင်စေချင်ပါတယ်"လို့ ဆိုသွားပါတယ်။
အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ်က အင်္ကျီရင်ဘတ်စပွန်ဆာများအား လောင်းကစားကုမ္ပဏီကြော်ငြာ ထည့်သွင်းခွင့် ပိတ်ပင်လာမှုနှင့်အတူ Bentano နေရာတွင် အစားထိုးနိုင်မဲ့ စပွန်ဆာလိုအပ်နေခဲ့ပါတယ်။
Visit Rwanda ဟာ အာဆင်နယ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုတို့ကိုလည်း စပွန်ဆာပေးထားပါတယ်။

image