ကမ္ဘာ့ဖလားပွဲပယ်ကို ဖယ်ရှားလိုက်ကတည်းက အငြင်းပွားစရာ ဖြစ်လာမယ်ဆိုတာ ဘာလိုဂန် မျှော်လင့်ထားခဲ့ပြီးဖြစ်
=======================
အမေရိကန်တိုက်စစ်မှူးဖိုလာရန်ဘာလိုဂန်က ဖီဖာက သူ့ရဲ့ ကမ္ဘာ့ဖလားပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လိုက်ကတည်းက အငြင်းပွားစရာများ ဖြစ်တော့မယ်ဆိုတာ သိရှိထားခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ အမေရိကန်တိုက်စစ်မှူးဟာ ဘော့စနီးယားနှင့် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပြိုင်ဘက်နောက်ခံလူကို နင်းခဲ့မှုအတွက် အနီကတ်ပြသခြင်းခံခဲ့ရပြီး ၁ ပွဲ အလိုအလျောက်ပွဲပယ်ကျခံရမယ်လို့ ယုံကြည်ခဲ့ရပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်က ဖီဖာဥက္ကဌအင်ဖန်တီနိုထံ ဖုန်းဆက်ပြီး ပွဲပယ်အား ပြန်လည်သုံးသပ်ပေးရန် ပြောကြားလာချိန်မှာတော့ ဖီဖာဟာ ဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။
ယင်းသို့ ဆိုင်းငံ့ပြစ်ဒဏ်ပြောင်းလဲချမှတ်မှုကြောင့် ကမ္ဘာ့ဖလားတွင် ၃ ဂိုးသွင်းထားတဲ့ ဘာလိုဂန်ဟာ ဘယ်ဂျီယံအား ရှုံးနိမ့်တဲ့ အမေရိကန်ရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ယခုအခါ ဘာလိုဂန်က "ကျွန်တော့်ရဲ့ ပထမဆုံးတုံ့ပြန်မှုက အသင်းအတွက် ပြန်ကစားရမယ်ဆိုတာ ဝမ်းသာသွားခဲ့တာပါ။ ဒါပေမဲ့ စတင်ရိုက်ခတ်လာတဲ့အချိန်မှာတော့ အငြင်းပွားစရာတော့ ဖြစ်လာတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါက အထူးဆန်းကြီး ဖြစ်နေတယ်ဆိုတော့ ကျွန်တော့်ကစားဖော်တွေတောင် အနည်းငယ်စိတ်လှုပ်ရှားနေကြခဲ့တယ်။ ပွဲနီးလာတဲ့အချိန်မှာ အကောင်းဆုံး အာရုံစိုက်ထားခဲ့တယ်ဆိုပေမဲ့ ခက်ခဲတယ်။ အပြင်က ဆူညံသံတွေက တားမရအောင်ပဲ။ ကျွန်တော့်ကစားဖော်တွေက ညီအစ်ကိုတွေလိုပါပဲ။ ကျွန်တော့်ကို ယုံကြည်မှု ရှိလာစေခဲ့တယ်။ ကျွန်တော့်ဘက်က လုပ်နိုင်တာရော ပြောင်းနိုင်တာကော ဘာမှ မရှိဘူးလေ"လို့ ပြောကြားသွားပါတယ်။
အမေရိကန်ဟာ ဘာလိုဂန်ရဲ့ ပွဲပယ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ပြီး ၂ ရက်အကြာမှာတော့ ဘယ်ဂျီယံကို ၄-၁ ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရပါတယ်။
ဘာလိုဂန်ဟာ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လိုက်တဲ့သတင်းကို အသင်းဘတ်စ်မှာ သိခဲ့ရတာ ဖြစ်ပြီး ကစားဖော်များနှင့်အတူ အော်ဟစ်အောင်ပွဲခံခဲ့ပါသေးတယ်။
ဘာလိုဂန်ဟာ အနီကတ်ကြောင့် ပွဲပယ်ခံရမယ်လို့ ယုံကြည်ကာ ဘယ်ဂျီယံအတွက် ပြင်ဆင်ရာမှာ မပါဝင်ခဲ့ပါဘူး။