ဗီလာစတားတီလီမန်းစ်ကို ပေါင် ၃၅ သန်းဖြင့် ယူနိုက်တက်ခေါ်ယူလာ
===================

ယူနိုက်တက်ဟာ အက်စတွန်ဗီလာမှ ယူရီတီလီမန်းစ်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
ယူနိုက်တက်ဟာ အသက် ၂၉ နှစ်ရှိ အလယ်တန်းကစားသမားကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားတွင် ဘယ်ဂျီယံကို ကွာတားဖိုင်နယ်သို့ တက်ရောက်အောင် ကူညီခဲ့တဲ့ တီလီမန်းစ်ဟာ ၂၀၁၉ ခုနှစ်တွင် လက်စတာသို့ ပြောင်းကာ ပရီးမီးယားလိဂ်သို့ ရောက်လာသူ ဖြစ်ပြီး ပြီးခဲ့တဲ့ သုံးရာသီဆက်တိုက် ဗီလာမှာ ကစားလာသူ ဖြစ်ပါတယ်။
ယူနိုက်တက်သို့ ပြောင်းပြီးနောက် တီလီမန်းစ်က "မန်ချက်စတာယူနိုက်တက်သို့ ပြောင်းခွင့်ရလို့ ဘယ်လောက်ဂုဏ်ယူတယ်ဆိုတာ ဖော်ပြနိုင်စွမ်း မရှိပါဘူး။ စပါယ်ရှယ်ကလပ်တစ်ခုနဲ့ စာချုပ်ချုပ်ဆိုခွင့်ရတာ အရမ်းဂုဏ်ယူတယ်။ ဘောလုံးအပေါ် ကျွန်တော် ပထမဆုံးချစ်မြတ်နိုးခဲ့ပြီးနောက် ကြိုးစားအားထုတ်လာခဲ့မှုတွေရဲ့ အထွဋ်အထိပ် ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အင်ဒရေဆန်းတို့စ်၊ ဒါလော့တို့အား ခေါ်ယူပြီးနောက် တတိယမြောက် ခေါ်ယူမှုအဖြစ် တီလီမန်းစ်ကို ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
သူဟာ ယခုနွေရာသီ ကမ္ဘာ့ဖလားတွင် ဘယ်ဂျီယံအတွက် ၅ ပွဲကစားခဲ့ရာမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တွင် လက်စတာမှ ဗီလာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ၁၃၄ ပွဲကစားကာ ၁၀ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
တီလီမန်းစ်ကစားတဲ့ ကာလအတွင်းတွင် ဗီလာဟာ ချန်ပီယံလိဂ်ဝင်ခွင့် ၂ ကြိမ် ရရှိပြီး ကွာတားဖိုင်နယ်အထိ တက်ခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူဟာ ဗီလာသို့ မပြောင်းမီ လက်စတာမှာတုန်းက ကွန်မြူနတီဒိုင်းနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးခဲ့ဖူးပါတယ်။

image