အယ်ချီမှ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းရိုဒရီဂွက်ဇ်ကို ပေါင် ၂၅.၇ သန်းဖြင့် ဘုန်းမောက် ခေါ်ယူအားဖြည့်လာ
=====================

ဘုန်းမောက်ဟာ စပိန်ကလပ်အယ်ချီတိုက်စစ်မှူးအယ်ဗာရိုရိုဒရီဂွက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅.၇ သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
ရိုဒရီဂွက်ဇ်ဟာ သူ့ရဲ့ အသက် ၂၂ နှစ်ပြည့်‌ မွေးနေ့တွင် ဘုန်းမောက်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာတာ ဖြစ်ပြီး ဘုန်းမောက်တိုက်စစ်ကို အီဗာနယ်ဆင်နှင့် ဦးဆောင်ကစားလာပါမယ်။
ရိုဒရီဂွက်ဇ်က ခန္ဓာကိုယ်အားပြုကစားတတ်သူ ဖြစ်ပြီး အီဗာနယ်ဆင်နှင့် ကစားဟန်ကွဲပြားပါတယ်။ ဘုန်းမောက်ဟာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိပြီးနောက် တိုက်စစ်ကို အားဖြည့်မှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဥရုဂွေးလူငယ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးမှ ၅၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့် ရရှိလာပါမယ်။ သူဟာ ဥရုဂွေးလူငယ်အသင်းအတွက် ကစားနေပေမဲ့လည်း စပိန်ပတ်စ်ပို့ကိုင်ဆောင်ထားရာ စပိန်အတွက်လည်း ကစားခွင့် ရှိနေသူ ဖြစ်ပါတယ်။
ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အယ်ချီအတွက် လာလီဂါပွဲ ၃၄ ပွဲကစားပေးခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၅ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘုန်းမောက်ကင်းထောက်များဟာ ရိုဒရီဂွက်ဇ်အား အချိန်အတန်ကြာကတည်းက ကင်းထောက်လာခဲ့တာ ဖြစ်ပြီး နည်းပြသစ်မာကိုရို့စ်ကိုယ်တိုင်ကလည်း ခေါ်ယူလိုနေမှုနှင့်အတူ ယခုကဲ့သို့ ခေါ်ယူလာတာပါ။
ဒါ့အပြင် ဘုန်းမောက်ဟာ ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေတဲ့ ဆယ်ကျော်သက်တိုက်စစ်သမားဂျူနီယာခရူပီနေရာတွင် အစားထိုးနိုင်ရန်အတွက် ရိုဒရီဂွက်ဇ်အား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ တူရကီတိုက်စစ်မှူးအီနစ်အူနယ်ကိုလည်း ရောင်းချရန် စီစဉ်ထားပါတယ်။‌

image