စပါးစ်မှ ခရိုအေးရှားနောက်ခံလူဗူစကိုဗစ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရိုက်တန် ခေါ်ယူအားဖြည့်လာ
====================

ဘရိုက်တန်ဟာ စပါးစ်မှ ခရိုအေးရှားနောက်ခံလူလူကာဗူစကိုဗစ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်းဖြင့် ခေါ်ယူလာပါတယ်။
ဘရိုက်တန်ဟာ ဗူစကိုဗစ်ကို ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ်တွင်းတွင် ၁ နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဘရိုက်တန်ဟာ ပြီးခဲ့တဲ့လတုန်းက အသက် ၁၉ နှစ်ရှိ နောက်ခံလူအား ခေါ်ယူရေး ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းမှု ပယ်ချခြင်းခံရပြီးနောက် ပေါင်သန်း ၅၀ အထိမြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာချိန်တွင်မှ သဘောတူညီမှု ရခဲ့တာပါ။
ဗူစကိုဗစ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက စပါးစ်သို့ ပြောင်းရန် သဘောတူညီမှု ရရှိပြီးနောက် ၂၀၂၅ ခုနှစ်တွင်မှ စပါးစ်သို့ တကယ်တမ်း ပြောင်းခဲ့ပါတယ်။
သူဟာ စပါးစ်သို့ ရောက်လာပြီးနောက် ဟမ်းဘတ်သို့ အငှားချခြင်းခံခဲ့ရပြီး ဂျာမန်ကလပ်အတွက် ပွဲ ၃၀ ကစားခဲ့ကာ ဘွန်ဒက်စ်လီဂါဂိုး ၆ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဘရိုက်တန်ဟာ ယခုနွေရာသီတွင် စပါးစ်သို့ ပေါင် ၅၂ သန်းဖြင့် ရောင်းချလိုက်တဲ့ နယ်သာလန်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီနေရာတွင် တိုက်ရိုက်အစားထိုးရန် ဗူစကိုဗစ်အား ခေါ်ယူလာတာပါ။
စပက်လစ်ဖွား ဗူစကိုဗစ်ဟာ Hajduk Split အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်တွင်ပင် ကလပ်အတွက် ကစားခွင့်ရခဲ့ကာ အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်လည်းကောင်း၊ အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ်လည်းကောင်း သမိုင်းမှတ်တမ်းရေးထိုးထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘွန်ဒက်စ်လီဂါတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ပြီးနောက် Rookie of the Season ဆုကို ဆွတ်ခူးခဲ့သလို တစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဗူစကိုဗစ်ဟာ ခရိုအေးရှားအတွက် ၆ ပွဲကစားကာ ၁ ဂိုးသွင်းထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ပါတယ်။
ဘရိုက်တန်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့တွင် ဗီလာအား အိမ်ကွင်းမှာ ဧည့်ခံကစားကာ ပရီးမီးယားလိဂ်ရာသီသစ်စတင်ရပါမယ်။

image