3 ပတ် - ဘာသာပြန်ပါ။

ဆွစ်ဇာလန်ရဲ့မန်ဇမ်ဘီအား ခေါ်ယူရေး အပြီးသတ်ရန် အက်စတွန်ဗီလာ လုပ်ဆောင်နေ
====================

အက်စတွန်ဗီလာဟာ နယူးကာဆယ်သို့ ရောက်လုနီးပါးဖြစ်နေတဲ့ ဖရိုင်းဘတ်အလယ်တန်းကစားသမားဂျိုဟန်မန်ဇမ်ဘီအား ခေါ်ယူရေး အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ မန်ဇမ်ဘီကို ပေါင်သန်း ၅၀ ခန့်ဖြင့် ခေါ်ယူရေး နီးစပ်နေခဲ့တာပါ။ နယူးကာဆယ်ဟာ အစောပိုင်းတုန်းက အခြားကလပ်များက မန်ဇမ်ဘီအား ခေါ်ယူရေး စိတ်ဝင်စားမှု နည်းပါးမှုနှင့်အတူ အေးအေးဆေးဆေး လုပ်ဆောင်နေခဲ့ကြတာပါ။
ဒါပေမဲ့ ဗီလာဟာ ယူရီတီလီမန်းစ်မှာ ယူနိုက်တက်သို့ ပြောင်းရေး ဆွေးနွေးလာမှုနှင့်အတူ မန်ဇမ်ဘီအား ခေါ်ယူရေး ချက်ချင်း လုပ်ဆောင်ကာ သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဗီလာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်ဂျီယံကွင်းလယ်ကစားသမားအေဒူအိုနာနာမှာ ဒူးအရွတ်ဒဏ်ရာရရှိပြီး ကာလရှည်ကြာ အနားယူလာရမှာ ဖြစ်လို့ ကွင်းလယ်ကို မဖြစ်မနေ အားဖြည့်ရေး အပူတပြင်းလုပ်ဆောင်လာရပါတယ်။
မန်ဇမ်ဘီဟာ အစောပိုင်းတုန်းက နယူးကာဆယ်သို့ ပြောင်းရန် စိတ်အားထက်သန်နေခဲ့ပေမဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အက်စတွန်ဗီလာက ကြိုးပမ်းလာချိန်မှာတော့ ချက်ချင်းပင် ခေါင်းညိတ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့မေလတုန်းက ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အူနိုင်းအမ်မရီရဲ့ ဗီလာနှင့် ရင်ဆိုင်ခဲ့ဖူးပြီး ၃-၀ ဖြင့် ရှုံ့းနိမ့်ခဲ့ပါတယ်။
အသက် ၂၀ နှစ်ရှိ ဆွစ်ဇာလန်စတားဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့တဲ့ လူငယ်စတားများထဲမှ တစ်ဦးဖြစ်ပြီး ၅ ဂိုး(ဂိုး/ဖန်တီးမှု) ပြုလုပ်နိုင်ခဲ့ကာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ဂိုးတွင် ပါဝင်ပတ်သက်မှု အများဆုံးလူငယ်အဖြစ် ရပ်တည်ထားသူလည်း ဖြစ်ပါတယ်။
ဗီလာဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးကန့်သတ်ချက်များကြောင့် ငွေသုံးစွဲရာတွင် အထူးဂရုစိုက် အသုံးပြုနေရပြီး ဘယ်နောက်ခံလူလူးကပ်စ်ဒီဂနီကိုလည်း ပီအက်စ်ဂျီသို့ ရောင်းချရန် လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ဗီလာဟာ တိုက်စစ်မှူးလီဝစ်ဒေါ့ဘင်ကိုလည်း ဆောက်သမ်တန်သို့ ပေါင် ၉ သန်းဖြင့် ရောင်းချရန် လုပ်နေပါတယ်။
ဒေါ့ဘင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရက်စတန်တွင် အငှားဖြင့် သွားကစားခဲ့သူ ဖြစ်ပြီး ဝက်စ်ဘရွန်းနှင့် နော့ဝှစ်ချ်တို့မှာလည်း ကစားခဲ့ဖူးပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တွင် အဲဗာတန်မှ ပေါင် ၁၀ သန်းဖြင့် ပြောင်းလာပြီးနောက် ဗီလာအတွက် တစ်ပွဲမျှ ကစားခွင့် မရထားသူလည်း ဖြစ်ပါတယ်။

image