DEMU ရထားတွဲဆိုင်းသစ်များဖြင့်ပြေးဆွဲမည့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းရှိ တရားမဝင်ကျူးကျော်များကိုဖယ်ရှားမည်

မကြာမှီအချိန်အတွင်း မြန်မာ့မီးရထားမှ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်၍ ယင်း လမ်းပိုင်းရှိ တရားမဝင်ကျူးကျော်များကို ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖယ်ရှားရှင်းလင်းနိုင်ရေး၊ အများပြည်သူဘေး အန္တရာယ်ကင်းရှင်းရေး၊ ရထားလမ်းဘေးတစ်လျှောက် နေထိုင်သူများ၊ Level Crossing ဖြတ်သန်းအသုံးပြုသူများဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ တရားမဝင် (Level Crossing) ကားလမ်းကူးနေရာများပိတ်သိမ်းနိုင်ရေးနှင့် ဒါးပိန်- အင်းတိုင်-လှေလှော်အင်း ရထားလမ်းပိုင်းရှိ မြန်မာ့မီး ရထားပိုင်မြေ Right Of Way ဧရိယာအတွင်းဝင်ရောက်လျက်ရှိသော တရားမဝင်ကျူးကျော်များဖယ်ရှားရှင်း လင်းနိုင်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ဇူ လိုင် ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရထားများမြန်နှုန်းမြှင့်ပြေးဆွဲပါက တရားမဝင်လမ်းကူးများနှင့် ရထားနယ်မြေအတွင်းကျူးကျော်မှုများသည်အန္တရာယ်ရှိ၍ ပိတ်သိမ်း ရှင်းလင်းသွားမည်ဖြစ်ကာ ပိတ်သိမ်းရန်မဖြစ်နိုင်သော လမ်းကူးများကို ပေါင်းစပ်ခြင်း(သို့)တံခါးဖွင့်/ပိတ်စနစ်ဖြင့်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
ထို့ပြင် ကျူးကျော်ရှင်းလင်းပြီးပါက မြန်မာ့မီးရထားမှ ခြံစည်းရိုးကာရံခြင်းနှင့် တားမြစ်ဆိုင်းဘုတ်စိုက်ထူခြင်းများပြုလုပ်ရန်၊ သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများအနေဖြင့် ပိတ်သိမ်းမည့် စီ မံချက်များအမြန်ရေးဆွဲရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ဒါးပိန်-အင်းတိုင်-လှေလှော်အင်းလမ်းပိုင်းရှိ ကျူးကျော်မှုများကို မြန်မာ့မီးရထား၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

image