လာမိန်းယာမဲလ်ရဲ့ထောင်ချောက်ထဲသို့ ပြင်သစ်ကျဆင်းလာမှာ မဟုတ်ကြောင်း ကိုနာတေး ပြောကြားလာ
======================
အီဘရာဟမ်ကိုနာတေးက ကမ္ဘာ့ဖလားဆီမီးနယ်ပွဲမတိုင်မီ စပိန်ကို ပြင်သစ်တို့ ကြောက်သင့်တယ်လို့ ပြောဆိုခဲ့တဲ့ လာမိန်းယာမဲလ်ရဲ့ ပြောဆိုမှုအား တုံ့ပြန် ပြောကြားလာပါတယ်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူက ပြင်သစ်အသင်းမှာ နှိမ့်ချစွာ ရှိနေဆဲ ဖြစ်ပြီး ပြင်ပမှ ဆူညံသံများကို ဂရုမစိုက်ကြောင်း ပြောဆိုလာခဲ့တာပါ။
လာမိန်းယာမဲလ်က ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ဘယ်ဂျီယံကို အနိုင်ယူပြီးနောက် ဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ရမဲ့ ပြင်သစ်အနေဖြင့် နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုသမိုင်းကြောင်းကြောင့် စပိန်ကို ကြောက်လန့်နေသင့်ကြောင်း စကားလုံးတိုက်ပွဲအစပျိုးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုနာတေးက "ပြင်သစ်က စပိန်ကို ကြောက်နေလား။ မကြောက်ပါဘူး။ အရိုးသားဆုံးပြောရရင် ဒီပွဲနဲ့ပတ်သက်ပြီး ပြောဆိုလာမှုတွေအပေါ် လုံးဝ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မကြောက်သင့်ပါဘူး။ အရေးအကြီးဆုံးကတော့ ဒီပြိုင်ပွဲစတင်ကတည်းက ရှိလာခဲ့တဲ့ နှိမ့်ချမှုကို ဆက်ထိန်းထားနိုင်ဖို့ပါ။ ဘယ်လိုထောင်ချောက်မျိုးကိုမှ မသက်ဆင်းဖို့ လိုတယ်။ အထူးသဖြင့် ဒီလို ပြောစကားတွေအပေါ်မှာပေါ့။ သူ ကြိုက်သလို ပြောနိုင်တယ်။ ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်။ ပွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်ရလာဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ကိုနာတေးက မိမိတို့အသင်းအနေဖြင့် လာမိန်းယာမဲလ်ကိုသာ ထိန်းချုပ်ရန် အာရုံစိုက်လို့မရကြောင်းနှင့် အရည်အချင်းပြည့်ဝတဲ့ စပိန်တစ်သင်းမှာ အသင်းအတွက် အန္တရာယ်ရှိနေကြောင်း ဆိုသွားပါတယ်။
စပိန်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်တွင် ပြင်သစ်အား အနိုင်ယူခဲ့ကာ ဗိုလ်လုပွဲတွင် အင်္ဂလန်ကို ဆက်လက် အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။