1 ပတ် - ဘာသာပြန်ပါ။

၆၄ သင်းကမ္ဘာ့ဖလားကျင်းပရေး တံခါးဖွင့်ပေးလာတဲ့ ဖီဖာဥက္ကဌအင်ဖန်တီနို
=====================

ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ကမ္ဘာလုံးအတွက် ဖြစ်သင့်ကြောင်း ပြောကြားကာ ၂၀၂၆ ကမ္ဘာ့ဖလားအလွန်တွင် ၆၄ သင်း ကမ္ဘာ့ဖလားကျင်းပရေး ဆွေးနွေးမှုများ ပြုလုပ်လာမယ်လို့ ပြောကြားလာပါတယ်။
ဖီဖာဟာ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်းဖြင့် ကျင်းပနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယခုအခါ ဖီဖာဟာ ၆၄ သင်းအထိ ထပ်မံ တိုးမြှင့်ကျင်းပရေး ဆွေးနွေးလာပါဦးမယ်။
အင်ဖန်တီနိုက "ကမ္ဘာ့ဖလားအပြီးမှာ ဆန်းစစ်လေ့လာစရာရှိတာတွေအားလုံးကို လုပ်သွားမယ်။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကျင်းပတဲ့အခါ တစ်ကမ္ဘာလုံးအတွက် ဖြစ်လာစေဖို့အတွက် အရမ်းအရေးကြီးတယ်။ ဥရောပနဲ့ တောင်အမေရိကအတွက်သာ မဟုတ်စေရပါဘူး။ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ဖို့ လိုတယ်။ နိုင်ငံတိုင်း ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ အိပ်မက်ရှိသင့်တယ်။ အသင်းတွေရဲ့ အရည်အသွေးတွေ အရမ်းမြင့်မားလာတာ မြင်ရပါမယ်။ တစ်ကမ္ဘာလုံးက အသင်းတွေရဲ့အရည်အသွေး မြင့်သထက် မြင့်လာနေတယ်။ နိုင်ငံငယ်လေးတွေကို ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မဲ့ အခွင့်အရေး မပေးရင် သူတိုဟာလည်း တိုးတက်အောင် လုပ်ဖို့ စိတ်အားထက်သန်မှု ကင်းမဲ့လာလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အင်ဖန်တီနိုက အသင်း ၄၈ သင်းဖြင့် တိုးမြှင့်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဖရိကအသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရာတွင် ၉ သင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်မှုက ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဖီဖာကောင်စီဟာ ၂၀၁၇ ခုနှစ်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲအား ၃၂ သင်းမှ ၄၈ သင်းသို့ တိုးမြှင့်ကျင်းပခွင့် ပြုလုပ်ခဲ့ပါတယ်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၆၄ သင်းဖြင့် တိုးမြှင့်ကျင်းပရေး အဆိုပြုလွှာတင်ခဲ့ပေမဲ့ ဆုံးဖြတ်ချက် မချရသေးပါဘူး။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်၊ ပေါ်တူဂီနှင့် မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး နှစ်တစ်ရာအထိမ်းအမှတ်အဖြစ် အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးတို့ကလည်း အဖွင့်ပွဲများကို အသီးသီး လက်ခံကစားလာပါမယ်။
ယူအီးအက်ဖ်အေဥက္ကဌအလက်ဇန္ဒားစီဖီရန်ကမူ ၆၄ သင်းသို့ တိုးမြှင့်ကျင်းပမှုက ပြိုင်ပွဲအတွက်ရော အရည်အသွေးအတွက်ပါ ဆိုးရွားတဲ့ စိတ်ကူးဖြစ်ကြောင်း ပြောဆို ကန့်ကွက်ထားပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်ကမူ ကိုယ်စားပြုအသင်းအရေအတွက် တိုးမြှင့် ရရှိလာမှာ ဖြစ်လို့ ယင်းအဆိုကို ထောက်ခံထားပေမဲ့ ကွန်ကာကပ်ဖ်ကမူ ကန့်ကွက်ထားပါတယ်။

image