ဝင်းသိင်္ဂီထွန်းကို ပင်နယ်တီဘေးကန်ခဲ့မှုကြောင့် တစ်ပွဲပယ်၊ ဒဏ်ကြေး ကျပ်နှစ်သိန်းချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) တွင် ပင်နယ်တီကို ရည်ရွယ်ချက်ရှိရှိ ဘေးကန်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းအား အနီးဆုံးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ကျပ်နှစ်သိန်း ချမှတ်လိုက်ကြောင်း ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်မှာ ရတနာပုံအသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝင်းသိင်္ဂီထွန်းက ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဂိုးသွင်းရန် မကြိုးစားဘဲ ဘေးသို့ကန်ထုတ်ခဲ့ခြင်း ဖြစ်သည်။
MFF ၏ ထုတ်ပြန်ချက်အရ ဝင်းသိင်္ဂီထွန်းသည် အဆိုပါလုပ်ရပ်မှာ မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ခံကာ အသင်းအား တောင်းပန်ထားသည်ဟု ဆိုသည်။
သို့သော် ယင်းလုပ်ရပ်သည် ပြိုင်ပွဲစည်း မျဉ်းစည်းကမ်းများနှင့် အားကစားပြိုင်ဆိုင်မှုဆိုင်ရာ စံနှုန်းများကို ထိခိုက်စေသည့်အပြင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ် ချက်ကို ကစားသမားတစ်ဦး၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပြင်ဆင်သကဲ့ သို့ အဓိပ္ပာယ်သက်ရောက်စေနိုင်သော ကြောင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပွဲအပြီး မီဒီယာအင်တာဗျူးတွင် ဒိုင်လူကြီးများနှင့်ပတ်သက်၍ မှတ်ချက်ပေးပြောဆိုခဲ့သည့် ရတနာပုံအသင်းနည်းပြချုပ် ဦးဘိုဘိုအောင်ကိုလည်း ဒဏ်ကြေး ကျပ်ခုနှစ်သိန်း ချမှတ်ခဲ့သည်။
တစ်ဖက်တွင်လည်း ဒိုင်ဆုံးဖြတ်ချက်အ ပေါ် မကျေနပ်သည့်သဘောဖြင့် ကွင်းအတွင်းမှ ထွက်ခွာမည့် ကိုယ်ဟန်အမူအရာ ပြသခဲ့သည့် မြဝတီအသင်းအား နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးထားကြောင်း MFF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image